သတင်း

ဖားကန့်တွင် အသတ်ခံရသူ ၄ ဦးမှာ မက်လင်ချောင် အုပ်ချုပ်ရေးမှူးအပါ ဆွေမျိုးတော်စပ်သူများဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ဇွန်လ ၁ ရက်ညက အသတ်ခံလိုက်ရသည့်အမျိုး သား ၄ ဦးသည် မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဆွေမျိုးတော်စပ်သူ သုံးဦးတို့ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ဇွန်လ ၁ ရက်နေ့ည ၈ နာရီခန့် အချိန်တွင် မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကျော် အသက် (၄၄)နှစ်နှင့် ၎င်း၏ ဆွေမျိုးတော်စပ်သူ ဦးဝင်းတင့်(ခ)ကျော်ကြား အသက် (၃၃)နှစ်၊ ဇော်ဝင်းထိုက်(ခ) ရွှေမန်းအသက် (၄၂) နှစ်နှင့် မျိုးထက် အသက်(၂၂) တို့ဖြစ်ကြပြီး လက်နောက်ပြန်ကြိုးတုတ်ကာ ပစ်သတ်ခံထားရခြင်း ဖြစ်သည်။

“အသက်ကြီးကြီးနဲ့ တစ်ယောက် ဦးအုန်းကျော်က မက်လင် ချောင်ဥက္ကဌ၊ ဘေးမှာပါလာတဲ့သုံးယောက်ထဲက တစ်ယောက်က မယားညီအကို (ဦးဝင်းတင့်)နဲ့ သူယောက်ဖတော်စပ်တဲ့သူတွေဟုတ်တယ်”ဟု ဒေသခံတစ်ဦး ကပြောသည်။

ယင်းအမျိုးသားလေးဦး သတ်ခံရမှုတွင် စစ်ကောင်စီ နှင့် ပတ်သက်ဆက်နွယ်မှုရှိနေကြောင်း ဒေသခံများ ပြောဆိုနေကြသော်လည်း KNG ကသီးခြားအတည်မပြုနိုင်သေးပေ။

“အတည်ဖြစ်မဖြစ်တော့မသိဘူး။ အရပ်ထဲမှာပြောနေကြတာကတော့ သူတို့အစည်း အဝေးလုပ်ပြီး ပြန်ခဲ့တဲ့အချိန် သတ်ခံရတာ အရပ်ပြောစကားကတော့ ပြီးခဲ့တဲ့ မေလ ၂၅ ရက်တုန်းကသတ်ခံရတဲ့ ဦးတင်မော်ရယ် မနေ့က သတ်ခံရတဲ့လူတွေရယ်က သင်တန်းဆင်းပြီး ပြန်လာတဲ့ပျူစောထီးဘက်ကပုံစံမျိုးပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးတင်မော်သည် မေလ ၂၅ ရက်နေ့က ဆန်းကြွယ်ကျေးရွာတွင်ရှိနေစဉ် သေနတ်ဖြင့်သတ်ခံရ၍သေဆုံးခဲ့ပြီး၎င်းမှာ ပျူစောထီးဟု နာမည်ထွက်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးဟု နာမည်ထွက်နေသူများ အသတ်ခံရမှုမှာ မကြာခဏဖြစ်ပွားလျက်ရှိနေသည်။

Show More

Related Articles

Back to top button