သတင်း

ခင်ဦး သာဂရကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့သဖြင့် ဒေသခံ ၃၀၀၀ ထပ်မံ တိမ်းရှောင်

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သာဂရကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှီု့ဖျက်ဆီးခဲ့ပြီးနောက် ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇွန်လ ၃ရက်နေ့ ညပိုင်းက အင်အား ၁၅၀ ကျော်ခန့်ဖြင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် သာဂရကျေးရွာအတွင်းသို့ တပ်စွဲနေထိုင်နေပြီး ယနေ့နံနက် ၇ နာရီခန့်မှ စတင်ကာကျေးရွာအတွင်းရှိလူနေအိမ် များကိုစတင်မီးရှို့ဖျက်ဆီးနေပြီး လတ်တလော သာဂရကျေးရွာအပါအဝင် ကျေးရွာရွာ ၅ ရွာမှ ပြည်သူ သုံးထောင် ကျော်သည် စစ်ကောင်စီတပ်၏ လက်နက်ကြီးယမ်းသမ်းပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက KNGသတင်းဌာနသို့ ပြောသည်။

“အင်အားက အတော်များတယ် ရေဦးက ကား ၇စီးအင်အားပါတယ်။ ခင်ဦးက ကား၂စီးအင်အားပါတယ်။ ပြီးတော့ အဲ့အနီးနားက ပျူစောထီးတွေလည်းပါတယ်။ မီးကတော့မနက် ၇နာရီခွဲလောက်မှာစရှို့တာ ဒေသခံတွေကတော့ မနေ့ညနေပိုင်းကတည်းကထွက်ပြေးရတာ။ အခုချိန်ထိမီးခိုးတွေက မြင်နေရတုန်း။ ဒေသခံတွေကခုချန်ထိရွာကို မကပ်နိုင်ကြသေးဘူး။ အဲ့ကြောင့်အိမ်ခြေဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးဘူး။ မီးခိုးကတော့ ထွက်နေတုန်း” ဟု ဒေသခံတစ်ဦးက ပြောသည်။

သာဂရကျေးရွာသည် လူနေအိမ်ခြေ ၃၀၀ ကျော်ရှိပြီး အိမ်ခြေအရေအတွက်မည်မျှမီးရှို့ခံလိုက်ရသည်ကိုမှု စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က သာဂရကျေးရွာအတွင်းသို့ဝင်ရောက်စဉ် လက်နက်ကြီးယမ်းသမ်းပစ်ခတ်ခဲ့သော်လည်း လယ်ကွင်းများအတွင်းကျရောက်ပေါက်ကွဲခဲ့သောကြောင့် လူထိခိုက်မှုမရှိခဲ့ကြောင့် ယင်းသို့လက်နက်ကြီးများပစ်ခတ်မှုကြောင့် လတ်တလော မြင်းဒေါင်း၊သာဂရ ၊ မြို့သစ်၊ ဂွေးကုန်း ကံကြီးကုန်းကျေးရွာများသည် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“ရွာကတော့ ငါးရွာထွက်ပြေးတိန်းရှောင်နေရတယ်။ ဒေသခံကတော့ သုံးထောင်ကျော်လောက်တော့ ထွက်ပြေးနေရတယ်။ တောထဲမှာတော့မဟုတ်ဘူး။ နီးစပ်ရာရွာတွေမှာ တောထဲမှာပြေးဖို့က အခုရာသီဥတုကြောင့်ရယ် ပြီးတော့ပြီးတော့ တောထဲမှာက လက်နက်ကြီးတွေရမ်းပစ်တော့ တချို့ရွာတွေမှာ တိန်းရှောင်ရေတာ” ဟု ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်၊

လတ်တလောတွင် သာဂရကျေးရွာမှ မီးဘေးသင့်နေသည့်ပြည်သူများနှင့် ဘေးလွတ်ရာတိန်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် အစားအ သောက်နှင့်အဆေးဝါအကူညီများပေးရန်လိုအပ်ကြောင်းသိရဿည်။

စစ်ကိုင်းတိုင်းမြို့နယ် ကျေးရွာများတွင် နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်မှ နေအိမ်များ လိုက်လံမီးရှို့နေပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဧပြီလအထိ စစ်ကောင်စီ မီးရှို့ခဲ့သည့် လူနေအိမ်အရေအတွက်မှာ ၇ ထောင်ငါးရာကျော် ရှိကြောင်း Data For Myanmar စာရင်းများက ဖော်ပြထားသည်။

Show More

Related Articles

Back to top button