သတင်း

တိုက်ပွဲ နှင့် ကိုဗစ်ကြား က တရုတ် နယ်စပ် စစ်ရှောင်များ၏ လူမှုဘဝ စိုးရိမ်မှုများ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီတပ် နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) တို့အကြား ၂၀၂၁ ဇွန်လကစ ကျော့ပြန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာတာကြောင့် ဒေသခံ ပြည်သူများ အစားအသောက် ရိက္ခာတွေ ခက်ခဲကြပ်တည်း လာကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးသူတွေဆီက သိရပါတယ်။

“အခက်အခဲကတော့ အသက်ဆက်ရှင်ဖို့ အရမ်းခက်လာတယ်။ စားဖို့သောက်ဖို့ တချို့တွေက ဆန်ပြုတ်ပဲ စားရမယ့် အခြေအနေဖြစ်နေပြီ။ ခု ကြာလေလေ ပြောင်းဖူး၊ ကြံတွေလည်း မခုတ်ရဘူး။ ပြောင်းဖူးလည်း သွားမချိုးရ ဆိုတော့ နောက်နှစ်ဆို ပိုပြီးခက်ခဲလာဖို့ပဲရှိတယ်။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

အဲဒီ ဒေသမှာရှိနေတဲ့ တောင်သူ လယ်သမားတွေကို ပေါက်ကွဲ တတ်တဲ့စစ်လက်ကျန် လက်နက်ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေ လယ်၊ ယာခင်း တွေမှာ ရှိတယ်ဆိုပြီး စစ်တပ်က တား မြစ်ထားတာပါ။

ကိုးကန့် အုပ်ချုပ်မှု အောက်က နေရာတွေမှာတော့ ကိုဗစ် Zero Zone ဖြစ်စေရန် ကိုဗစ် အကြောင်းပြချက်နဲ့ ဝင်ထွက် သွား လာဖို့ ပိတ်ပင်ထားပါတယ်။

ဒေသခံတွေက အရင်နှစ် စုဆောင်း သိုလှောင်ထားတဲ့ စပါး အနည်းငယ်နဲ့ မနှစ်တုန်းက ကြံတွေ ခုတ်ရောင်းထားတဲ့ ငွေအနည်းငယ်သာ ချွေတာသုံးကာ အခက်အခဲ ဖြေရှင်းနေရပြီး အသုံးစရိတ်နဲ့ ဆန်စပါးတွေ ကုန်လာလို့ စိုးရိမ်နေကြတာလို့ ဆိုပါတယ်။  ဒီနှစ်က ဘာမှ စိုက်ပျိုးနိုင်ခြင်း မရှိတာကြောင့် နောက်နှစ်အတွက် စားစရာ မရှိဘူး လို့ ပြောပါတယ်။ ကူညီထောက်ပံ့ ပေးတဲ့ အဖွဲ့ တွေလည်း မရှိ သလောက် ဖြစ်နေတယ် လို့ ပြောပါတယ်။

ဖောင်းဆိုင်ဒေသရှိ စစ်မြေပြင်နဲ့ နီးရာရွာတွေမှာတော့ သွားလာမှုကို ကန့်သတ်ထားတာကြောင့် လယ်ခင်း၊ ယာခင်းတွေဘက်ကို သွားလာ ခွင့်မပြုတာကြောင့် ဝမ်းရေးအတွက် အလုပ်လုပ်ဖို့ ခက်ခဲနေလို့ စားသောက်ဖို့ ရိက္ခာ ပြတ်တောက်လာမှာ စိုးရိမ် ပူပန်နေကြရပါတယ်လို့ ဒေသခံ တောင်သူ ၁ ဦးက ပြောပါတယ်။

“ခု စစ်ဖြစ်လို့ ယာခင်းတွေ သွားလို့ မရတော့ဘူး။ ဒီနှစ်တော့ ဖြစ်သလို့ ဒီလို ကျော်လွှာနိုင်ပေမယ့်ါ နောက်နှစ် ပိုပြီးခက်ခဲလာမယ့် အခြေအနေတွေ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ အရမ်းစိုးရိမ်နေတယ်။ မန်းယန် တို့ကိုလည်း ဘယ်မှ မသွားခိုင်းဘူး။ ရန်သူတွေနဲ့ အတူတူဖြစ်သွားတယ်။ ဖောင်းဆိုင်တို့လည်း အဲလိုပဲ။ အဲဒီကနေ ထွက်လာပြီး ထားခဲ့ရင် ပိုဆိုးမှာလည်း စိုးရိမ်တယ်” လို့ သူက ပြောပါတယ်။

ကူညီထောက်ပံ့မှုတွေ ရရှိရန်ခက်ခဲပြီး တဖက်ကမ်း ကိုးကန့် ထိန်းချုပ်ထားတဲ့ နေရာတွေဘက်တော့ ဖြတ်ကျော်သွားလို့ မရတဲ့အတွက် အသုံးအဆောင် ပစ္စည်း ထောက်ပံ့ကူညီတာမျိုး လုံးဝ မရပဲ WeChat ဟုန်ပေါက် နဲ့သာ ချိန်ဆက်ပြီး ကူညီလို့ပဲရတော့ အဲလိုပဲ အချင်းချင်း ကူညီကြရကြောင်း ဒေသတွင်း အကူအညီပေးနေသူ ၁ ဦးက ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်လာတဲ့ ၂၀၂၁ ဇူလိုင်လ မှာတော့ ဘန်မွေးနဲ့ မန်းယန် ရွာတွေက လူဦးရေ ၁၇၂ ဦး တရုတ်နဲ့ မြန်မာ နယ်ခြားမှတ်တိုင် ၁၀၂ အနီး နယ်ခြား စည်းရိုးနဲ့ ကီလိုမီတာ ၆၀၀ အကွာမှာ ယာယီတိမ်းရှောင်ခဲ့ကြရပြီး ၂၀၂၁ အောက်တိုဘာလ ၄ ရက်နေ့ မှာ ရွာကို ပြန်လာခဲ့ကြရပြီး စိုးရိမ်ပေမယ့် စစ်ကောင်စီနဲ့ အတူတူ နေထိုင် နေကြရလို့ အမှန်ကို ပြောရမှာဖြစ်ပေမယ့် ပြောလို့ မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

နှစ်ဖက် တိုက်ပွဲ ပြင်းထန်မှုကြောင့် စစ်ကောင်စီက ပစ်လို့ လက်နက်ကြီးကျည် ထိမှန်လို့ အရပ်သားပြည်သူတွေ သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ၊ ဆေးရုံတက်ရတာတွေ၊ လူနေအိမ် ထိခိုက် ပျက်စီးတာတွေ ရှိသလို ကိုးကန့်ဘက်က ပစ်လိုက်လို့ လက်နက်ကြီးကျည် ထိမှန်လို့ အရပ်သားပြည်သူတွေ သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ၊ ဆေးရုံတက်ရတာတွေ၊ လူနေအိမ် ထိခိုက် ပျက်စီးတာတွေလည်း ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

“အရပ်သားပြည်သူတွေ ထိခိုက် ဒဏ်ရာရသူကရ။ ဘန်မွေးရွာ တရွားလုံးနီးပါး အိမ်တွေ မီးလောင်ကုန်တယ်။ ဖောင်းဆိုင်ရွာနားမှာလည်း မိုင်းမြှုပ်ထားလို့ သေသွားခဲ့ရသူ ၂ ဦး ရှိပြီ။ ထိခိုက် ဒဏ်ရာရသွားတာတော့ ၄ ယောက် ရှိပြီ။ အဲဒါကြောင့် စိုးရိမ်ရင်း ကြောက်လို့ ဘယ်မှ သွားလို့မရဘူး။” လို့ နောက်ထပ် ဒေသခံ ၁ ဦးက ရှင်းပြပါတယ်။

ဒေသတွင်း ဖြစ်ရပ်မှန်ကို အများသိအောင် သတင်းမီဒီယာ ကနေတဆင့် ထုတ်ဖော်ပြဖို့လည်း ခြိမ်းခြောက် ဖိအားပေး စစ်ဆေးမေးမြန်း နှိပ်စက်လာမှာ စိုးရိမ်နေကြရပြီး ဒေသခံတွေက လူဦးရေနည်းပါးတာကြောင့် ပိုစိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့လည်း အရမ်းစိုးရိမ်တယ်။ အခု အိမ်တွေလည်း မီးလောင်သွားတာတွေ၊ ထိခိုက်သွားတာတွေ၊ ကျွန်တော်တို့ ဘယ်ကိုမှ မတင်ရဲဘူး။ ကျွန်တော်တို့ ရန်သူ (စစ်ကောင်စီ) တွေနဲ့ အတူတူ ရှိနေတဲ့အတွက် သွားတင်လိုက်တာနဲ့ အရပ်သားပြည်သူတွေ နှိပ်စက်ခံရပြီ။ အဲဒါတွေ အရမ်း စိုးရိမ်နေကြရတယ်။”

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ ၂၁ ရက်နေ့မှာလည်း မုံးကိုး မြို့နယ်အတွင်းမှာ ကျွဲကျောင်းသွားတဲ့ ရွာသား ၉ ဦးခန့်ကို စစ်ကောင်စီက ၃ ရက်ခန့်ကြာ ခေါ်ဆောင်သွားပြီး လမ်းပြလုပ်ခိုင်းခဲ့တာတွေရှိပြီး တရုတ်အမျိုးသား ၁ ဦး ပြောင်းခြံမှာ သတ်ဖြတ်ခံခဲ့ရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ည ၁၂ နာရီမှာ အားလုံးကို ပြန်လွှတ်လိုက်တယ်။ နှိပ်စက်တာမျိုးတော့ မရှိဘူးတဲ့။ ဒါပေမယ့် ၂ ရက် ၃ ရက် ခေါ်သွားတယ်။ ခေါ်သွားတုန်းက ပြည်သူ့စစ်ကို အကြောင်းကြားလို့ စစ်ကောင်စီဘက်က အရမ်းစိတ်ဆိုးတယ်။ နောက်တခါ ဖမ်းခေါ်သွားခံရင် ဘယ်ကိုမှ၊ ဘယ်လူကြီးကိုမှ အကြောင်းကြားလို့မရဘူး လို့ပြောတယ်။ အဲလို သွားပြောပြလို့ အရမ်းစိတ်ဆိုးတယ်။ ဗျူဟာမှူးက ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး။ ဘယ်သူ့ကိုမှ အကြောင်းကြားလို့မရဘူးလို့ ပြောတယ်။” လို့ အမည် မဖော်လိုသူ ဒေသခံ ၁ ဦးက ပြောပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကချင်အမျိုးသမီး အစည်းအရုံး (KWAT) ရဲ့ “ချုပ်နှောင်ခံရသည့် တရားမျှတမှု” အစီရင်ခံစာမှာတော့ ၂၀၂၁ ဇွန်လမှ အောက်တိုဘာလထိ ၅ လတာ ကာလအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ သေတန်ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၂၁ ဇန်နဝါရီလအထိ အဲဒီဒေသမှာ ကိုဗစ်-၁၉ ကပ်ရောဂါလည်း စိုးရိမ် စရာမလိုပဲ လုံခြုံ အေးချမ်း သာယာခဲ့ပြီး ည သန်းခေါင်အချိန်တွေမှာတောင် သွားလာလို့ရတဲ့အပြင် ဆုတောင်းတာတွေ၊ ခရစ္စမတ်ပွဲတွေ၊ ပွဲလမ်းသဘင်တွေကို စည်စည်ကားကား လုပ်လို့ရကာ ငြိမ်းချမ်းပြီး ပျော်စရာကောင်းတဲ့ ဒေသ ၁ ခု ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ငြိမ်းချမ်းလုံခြုံမှုတွေကို ဆုံးရှုံးသွားခဲ့ကြရကြောင်း ဒေသတွင်း သုံးသပ် သူတွေက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ အရှေ့ပိုင်းအထိတော့ ၎င်း ဒေသတွေမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ မရှိခဲ့ဘူး။ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်မှာမှ ကိုဗစ် ဖြစ်ပွားလာတာကြောင့် ယခင်က ကိုဗစ် ကို စိုးရိမ်စရာ မရှမရှိခဲ့ဘူ လို့ ဒေသ ခံ ၁ ဦးက ဆိုပါတယ်။

ဖောင်းဆိုင်ဒေသမှာ အရင် ကွန်မြူနစ်ခေတ်နဲ့ ၂၀၁၆ တုန်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ဆိုပေမယ့် ယခု တကျော့ ဖြစ်နေတဲ့ တိုက်ပွဲလောက် အခြေအနေ မဆိုးရွားခဲ့ကြောင်း လက်လှမ်းမီ ခဲ့ကြတဲ့ ဒေသခံတွေက ပြောပါတယ်။

“ဒီနှစ် ဖြစ်တဲ့ တိုက်ပွဲကတော့ တင်ကား ၄ စီးနဲ့ ပစ်တယ်။ စစ်ကားတွေရာချီ ထိုးတက်လာတယ်။ ဗျူဟာ ၄ ခု၊ တပ်မ ၁၁၊ ၃၃၊ ၇၇၊ ၉၉ တို့ စစ်ကြောင်းထိုးလာပြီးတော့ အရမ်းဆိုးရွားတဲ့ တိုက်ပွဲ ဖြစ်တယ်” လို့ ဆိုပါတယ်။

နှစ်ဘက် အားပြိုင်မှု၊ စစ်ရေးတင်းမာမှု အားကောင်းနေပြီး ဆက်လက် တိုက်ပွဲ ပြင်းထန်လာဖို့သာရှိကြောင်း “တရုတ်ဘက်က ကူညီတာတွေ့ရတယ်။ တရုတ်ဘက်က ထောက်ပံ့မပေးရင် ကိုးကန့်တွေအဲလောက် မလုပ်နိုင်ဘူး။ တရုတ်တွေလည်း ပါဝင်ကူညီ ထောက်ပံ့ပေးလို့ သူတို့လည်း နောက်ဆုတ်သွားမယ့် အခြေအနေမတွေ့ရဘူး။ စစ်ကောင်စီကလည်း သူတို့ရဲ့ နေရာနယ်ချဲ့လာတော့ ပြန်တိုက်ယူမယ့် အခြေအနေတွေ ရှိနေတယ်။ အခြေအနေတွေ တင်းတင်းမာမာ ရှိနေတယ်။” လို့ သုံးသပ် သူ ၁ ဦး က ပြောပါတယ်။

တိုက်ပွဲကြောင့် ဖောင်းဆိုင်ဒေသ ၂ ခြမ်း ဖြစ်သွားပြီး ကိုးကန့်ထိန်းချုပ်တဲ့ နေရာတွေမှာတော့ လွတ်လွတ်လပ်လပ်သွားလာလို့ ရပေမယ့် သံလွင်မြစ်တဖက်ကမ်းက လက်နက်ကြီးကျည်တွေ ပစ်ခတ်လိုက်မှာ စိုးရိမ်နေကြရကာ စစ်ကောင်စီ ထိန်းချုပ်တဲ့ နေရာတွေထဲက မန်ပြိန်း၊ နောင်ဂျန့်၊ နောင်ဖိုင် စတဲ့ ရွာတွေတော့ သွားလာလို့ရပြီး စစ်ကောင်စီတပ်ဖွဲ့ တွေလာရင် ရိက္ခာ ပြတ်တောက်လုနီးပါး ဖြစ်နေတဲ့ အခြေအနေမှာ စားသောက်စရာတွေ ယူစားပစ်တာကြောင့် စိုးရိမ်ကြရပြန်တယ်လို့ ဆိုပါတယ်။

“တော်တော့်ကို ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တာ ၁၀ ခေါက်လောက်ရှိပြီ။ လောလောဆယ် ဖောင်းဆိုင်ဒေသ ၂ ခြမ်းကွဲသလို ဖြစ်သွားတာ။ ဘန်မွေး၊ ဘန်စတိုင်း၊ လရှပ်၊ ကောင်းပုတ်၊ လွယ်ဒန့်၊ ဘန်ဂေါ်၊ ခမ်းဝက်၊ ဘောင်မ်ဇော့်ပ်၊ လူရင်းထန်၊ ရှောဝ်ဂျီဇိ၊ မန့်ဖာ၊ နားဟွေ၊ ဘန်မန်၊ ရှကျင်းထုံ၊ တာချိ၊ ဟူထူရှန်၊ ပန်ခမ်းတို့ဘက်တော့ ကိုးကန့်ထိန်းချုပ်နေရာ ဖြစ်သွားပြီ။ စစ်ကောင်စီက ဗျူဟာ ၂ ခု ထိုင်ပေမယ့် ဖောင်းဆိုင်၊ မန်းယန်၊ နောင်ဂျန့်၊ နောင်ဖိုင်၊ မန်ပြိန်း အဲဒီ ၅ ရွာက စစ်ကောင်စီ ထိန်းချုပ်တဲ့ နေရာ ဖြစ်သွားတယ်။”

ဖောင်းဆိုင်ဒေသခကို ကိုးကန့် (MNDAA) တွေက ၂၀၂၁ မတ်လ ခန့်ကစ ဝင်လာပြီး နေရာယူလာကာ မေ၊ ဇွန် ခန့်ကစ ၄ ခန့်ကြာ ကောင်းကောင်း ပြင်ဆင်ပြီး စစ်ဖြစ်လာတာ ဒေသတွင်း စောင့်ကြည့်လေ့လာနေသူ ဒေသခံ ၁ ဦးက ပြောပါတယ်။

Show More

Related Articles

Back to top button