သတင်း

ဖမ်းဆီးခံရသော ပြည်သူ ၂ ဦး နှင့် PDF ၈ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တောကျောင်းကြီးတွင် ယမန်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်က ဖမ်းဆီးခံခဲ့ရသည့် PDF တပ်ဖွဲ့ဝင် ၈ ဦး နှင့် ပြည်သူ ၂ ဦး အသတ်ခံလိုက်ရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် တောကျောင်းကြီးရွာသို့ စျေးဝယ်ရန်အသွား ပျူစောထီးနှင့် စကစများ မှ ခြေရာခံလိုက်ကာ စျေးဝယ်၍ ပြန်လာသည့်အချိန်တွင် ကားနှစ်စီးဖြင့် ညှပ်ကာ ဖမ်ဆီးသွားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကဆိုသည်။

“စျေးသွားဝယ်တာကို ပြန်လာတဲ့အချိန်မှာ ဟိုကောင်တွေက သတင်းကြိုရနေတာပေါ့လေ။ သတင်းပေါက်သွားတာပေါ့ စျေးသွားဝယ်ပြီး ပြန်လာတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ခြေရာခံလိုက်လာတယ်။ ပြီးတော့ ရှေ့ကနေ သူတို့က ကားနှစ်စီးနဲ့ပိတ်ပြီးနောက်ကကောင်တွေနဲ့ညှပ်ပြီး ဖမ်းလိုက်တာဗျ။ မနေ့ညတော့ ၈ယောက်သေပြီလို့ ကြားရတယ်” လို့ ပြောသည်။

အသတ်ခံရသူ ၈ ဦးမှာ ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ထောက်ပို့ရဲဘော်များ ဖြစ်ကြသည်။

“ဖမ်းခံရတာက ၈ ယောက်လို့သိရတယ်။ ဘေးမှာသခွားခင်းလုပ်နေတဲ့ ၂ယောက်ရောပါသွားတယ်ဆိုတော့ ၁၀ ယောက်ပေါ့ ဖမ်းခေါ်သွားတဲ့ထဲက (၈) ယောက် ကတော့ကျသွားပြီလို့ သိရတယ်။ ကျဆုံးသွားတဲ့သူအားလုံးကတော့ ရဲဘော်လို့ပြောရမှာပေါ့ ထောက်ပို့ပါ” ဟု ရှေ့တန်း သတင်းရင်းမြစ်တာဝန်ရှိသူက ပြောသည်။

ယခုလို ဖမ်းဆီးသတ်ဖြတ်မှုများကို ချောင်းဦးမြို့နယ် ကံကြီးကုန်ရွာမှ ပျူစောထီးအဖွဲ့များ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button