မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ယုဇန သိမ်းဆည်း မြေယာများကို ၂၀၂၃ တွင် ဒေသခံများကို ပြန်လည် ခွဲဝေပေးရန် စီစဉ်နေ

ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုလမ်းမပေါ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သိမ်းဆည်းထားသည့် ယခင် ယုဇနကုမ္ပဏီ ပိုင်ဆိုင်ခဲ့သောမြေယာများကို လာမည့် ၂၀၂၃ ခုနှစ်တွင် ဒေသခံပြည်သူများကို လယ်ယာမြေအဖြစ် ခွဲဝေပေးရန် စတင်စီစဉ်နေပြီဟု သိရသည်။

ယခင်ယုဇနကုမ္ပဏီထံမှ KIO သိမ်းယူခဲ့သော တစ်နှစ်ပြည့် လွန်ခဲ့သည့် ဧပြီလတွင် ဟူးကောင်းဒေသ ကျေရွာအလိုက် လယ်ယာခွဲဝေရေးကော်မတီများဖွဲ့ကို KIO ဦးဆောင်ကာစတင်ဖွဲ့စည်းထားပြီး ဒေသခံ အိမ်ထောင်စုတစ်ခုတွင် မြေ ၅ ဧကနှုန်းဖြင့် ခွဲဝေပေးရန် စီစဉ်နေပြီဟု နောင်းမီကျေးရွာလယ်ယာမြေခွဲဝေရေး ကော်မတီဝင်တစ်ဦးက KNG သတင်းဌာနကို အတည်ပြု ပြောဆိုသည်။

“လာမယ့် နှစ်မှာ ယုဇနကုမ္ပဏီကို မောင်းထုတ်လိုက်တဲ့နောက် ကျန်နေတဲ့ မြေယာတွေကို ခွဲဝေပေးဖို့ဖြစ်တယ်။ ဒီနှစ်မှာတော့ မလုပ်နိုင်တော့ဘူး။ တစ်ချို့က ယုဇနကုမ္ပဏီထွက်သွားတာနဲ့ အဲ့မြေနေရာမှာ လယ်ယာလာလုပ်ထားတဲ့နေရာတွရှိနေတယ်။ သူတို့သိမ်းယူလိုက်ပြီးမှ မြေယာတွေပြန်ယူမယ်။ ပြီးရင် ကော်မတီဖွဲ့ပေးထားတာလည်းမကြာသေးဘူး။ အားလုံးပြီးမှသာ ခွဲဝေရေးတွေ စဖို့ KIO က ပြောဆိုထားတယ်” ဟု ပြောဆိုသည်။

တနိုင်းသွား လီဒိုလမ်းမပေါ်တွင် ယခင် ယုဇနကုမ္ပဏီသိမ်းဆည်းခဲ့သော  လယ်ယာမြေများကို ကားလမ်းမကြီးပေါ်မှ မြင်တွေ့နေရပုံ

KIO မှ လယ်ယာမြေခွဲဝေရာတွင် ယခင်ယုဇနကုမ္ပဏီကြောင့် မြေယာသိမ်းဆည်းခံရပြီး လုပ်ကိုင်စားသောက်ရန်မြေမရှိသူများ နှင့် ဟူးကောင်းဒေသစစ်ပွဲကြောင့် လက်ရှိ လီဒိုလမ်းမပေါ် စစ်ရှောင်တွင်ခိုလှုံနေသူများကို ဦးစားပေး ခွဲဝေသွားရန်ရှိသည်ဟု သိရသည်။

တနိုင်း လီဒိုလမ်းမပေါ် နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ ဘန်ကောက်၊ နမ့်မဖြစ်၊ ကောင်ရာ ၊ တိန်းကောက်အပါအဝင် ကျေးရွာ စုစုပေါင်း ၂၅ ခုမှ မြေယာများကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်မှ စတင်ကာ ယုဇနကုမ္ပဏီသိမ်းပိုက်ခဲ့သည့်။ သို့သော် လက်ရှိတွင်မူ အဆိုပါ ကျေးရွာအသီးသီးတွင် KIO က မြေယာခွဲဝေရေးကော်မတီကို စတင်ဖွဲ့စည်းထားပြီဟု သိရသည်။

ဆယ်စုနှစ်တစ်ခုကျော် ယုဇနကုမ္ပဏီသိမ်းဆည်းခဲ့သော မြေယာများကို KIO ဦးဆောင်ပြီး ပြန်လည်ခွဲဝေပေးရာတွင် ငွေကြေးနှင့် အာဏာကို မကြည့်ဘဲ မြေယာဆုံးရှုံးခဲ့သူများနှင့် လုပ်ကိုင်စားသောက်ခွင့်ဆုံးရှုံးနေသော အမှန်တကယ်ဒေသခံများကိုသာ ဦးစားပေးသင့်သည်ဟုလည်း နောင်းမီ ဒေသခံတစ်ဦးက သူ၏ စိုးရိမ်မှုအကြောင်း KNG သတင်းဌာနကို ပြောဆိုသည်။

“ပေးမယ်ဆိုရင် အားလုံးကို မျှမျှတတဖြစ်စေချင်တယ်။ ပိုက်ဆံရှိတဲ့သူ ပိုယူတာမျိုးမဟုတ်ဘဲနဲ့ ပိုက်ဆံမရှိတဲ့သူတွေနဲ့ တန်းတူ ဧက မျှမျှတတ ဖြစ်စေချင်ပါတယ်။ ပေးတဲ့အခါမှာလည်း တကယ်ဘဲ အဲ့ဒီရွာက ဒေသခံဖြစ်ရမယ်။ နောက် အဲ့ဒီဒေသခံ ကိုယ်တိုင်က တကယ် လယ်ယာမြေလိုအပ်နေတဲ့သူ သေချာစီစစ်ပြီး ခွဲဝေပေးစေချင်တယ်။ မြေယာတွေခွဲဝေပေးဖို့အတွက်လည်း သူ့ရဲ့ စည်းမျဉ်းတွေကို သေချာလုပ်စေချင်တယ်” ဟု ဆိုသည်။

လီဒိုလမ်းမပေါ်တွင် မြင်တွေ့ရသော ဒေသခံတစ်ဦး

စစ်တပ်အာဏာသိမ်းပြီး ၂ လအတွင်း KIO ၏သတိပေးမှုကြောင့် ယုဇန ကုမ္ပဏီထွက်ခွာသွားနောက်ပိုင်း ထိုမြေနေရာတွင် လက်နက်ကိုင် အာဏာပိုင်များနှင့် ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင်နှင့် ပြည်သူတစ်ချို့က မြေနေရာများကို ဦးယူမှုများ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဒေသခံ အိမ်ထောင်စုတစ်ခုတွင် မြေယာ ၅ဧက ခွဲဝေပေးမည်ဟု KIO မှ ပြောဆိုနေသော်လည်း တစ်ဧကလျှင် ကျပ် ၁ သိန်းစီ ပေးဆောင်ရမည်ဟုလည်း သတင်းထွက်ပေါ်နေသည်ဟု ဆိုသည်။

သို့သော်လည်း ဆုံးရှုံးခဲ့သည့် မြေနေရာများကို တဖန်ပြန်လည်ရရှိတော့မည့် ဒေသခံများ ဝမ်းမြောက်ကြောင်း ဆုတောင်းပွဲကို ကျေးရွာ ၂၅ ရွာမှ ပြည်သူများ ပူးပေါင်းပြီး ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ ဝါရာဇွပ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။

ယုဇနကုမ္ပဏီ၏ လယ်ယာမြေအများဆုံး သိမ်းဆည်းခံရသော ဝါရာဇွပ်ကျေးရွာအတွင်း မြင်တွေ့ရပုံ

စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသော ယုဇနကုမ္ပဏီသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှ စတင်ကာ ဟူးကောင့်ဒေသတွင် ဒေသခံများ၏ မြေနေရာ ဧက ၂သိန်းကျော်ကို အတင်းအဓမ္မသိမ်းယူခဲ့ပြီး ပီလောပီနှံစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် ၁၆ နှစ်ခန့်အကြာ ၂၀၂၁ ခုနှစ် ဧပြီလတွင် အပြီးသတ် ထွက်သွားခဲ့သည်။

KIO ၏ သတိပေးမှုကြောင့် ယုဇနကုမ္ပဏီထွက်ခွာခဲ့သည့်နောက်ပိုင်း ကျန်ရှိနေသောမြေယာများကို မည်သူမှ ဦးယူခွင်မရှိကြောင်း နှင့် ခွင့်ပြုချက်မရှိဘဲ မြေယာခွဲဝေမှုပြုလုပ်ပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၀ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ကြေညာမှုများလည်းရှိခဲ့သည်။

ယခင်က အဆိုပါနေရာများတွင် ရွှေတူးဖော်မှုရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်‌ အောက်တိုဘာလမှစတင်ကာ ရှဒူးဇွပ် (Jahtu Zup) ကျေးရွာအနီးတဝိုက် များတွင် ရွှေတူးဖော်ခွင့်ကို KIO မှ တားမြစ်ခဲ့သည်။

ထို့အပြင် KIO အုပ်ချုပ်ရေးနယ်မြေဖြစ်သော ဟူးကောင်း၊ ရှိန်ဗွေယန်ခရိုင်များတွင်လည်း စစ်ရှောင်တစ်ချို့ကို ပြန်လည်နေရာချပေးရေးနှင့် ကျေးရွာတစ်ချို့တွင် ဘိန်းအစားထိုးအဖြစ် ဒေသခံများကို လယ်ယာမြေဖော်ထုတ်ပေးနေသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button