တိုက်ပွဲသတင်း

စစ်တပ် အရာရှိ နှင့် ကျောက်စိမ်း တင်ဆောင်ထားသော ယာဉ်တန်း မိုင်းဆွဲခံရသဖြင့် ထိခိုက်သေဆုံးမှု များပြား

မိုးညှင်းမြို့ မှ မန္တလေးဘက်သို့ ဆင်းသွားသော အရာရှိတစ်ချို့နှင့် ကျောက်စိမ်းသယ်ဆောင်လာသော စစ်ကောင်စီ ယာဉ်တန်းကို အင်းတော်မြို့နယ် နှစ်နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကား ၃ စီး ပျက်စီးပြီး စစ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု KIA ရှေ့တန်း အရာရှိတစ်ဦးထံမှ သိရသည်။

မိုးညှင်း အခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှ စစ်ကား ၃၃ စီးသည် ဇွန်လ ၁၅ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် မိုးညှင်းမြို့မှ ထွက်လာခဲ့ရာ အင်းတော်မြို့နယ် မော်လူးနှင့် နဘား ကြားတွင် တစ်ကြိမ်၊ အင်းတော်လမ်းဆုံ ကျောင်းကုန်းအနီးတွင် တစ်ကြိမ် စသဖြင့် နှစ်နေရာတွင် ၁၅ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသတွင် ကွပ်ကဲနေသော KIA အရာရှိတစ်ဦး က KNG သတင်းဌာနကို အတည်ပြု ပြောဆိုသည်။

“ထိခိုက်ဒဏ်ရာရတဲ့သူများတယ်။ သေဆုံးတဲ့သူတွေလည်းပါတယ်။ ကားထဲကို ထိခိုက်တဲ့သူတွေကော၊ သေဆုံးတဲ့သူတွေကော ကောက်ထည့်တာဘဲမြင်ရတယ်။ ထိခိုက်သူနဲ့ သေဆုံးသူ အားလုံး ၂၀ ကျော်လောက်ရှိတယ်” ဟု ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ဖားကန့် မှ ကျောက်စိမ်းများသယ်ဆောင်ကာ မိုးညှင်းသို့ ဆင်းလာခဲ့ပြီး ယခုတဖန် မိုးညှင်းမှတဆင့် အရာရှိများပါဝင်ကာ မန္တလေးဘက်သို့ ဆင်းလာချိန် ကချင် စစ်ကိုင်း နယ်စပ်တွင် မိုင်းခွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

မော်လူး နှင့် နဘားကြား ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရမှုတွင် စစ်သားမပါသော ကုန်တင်ကားတစ်စီး ထိခိုက်ခဲ့ပြီး၊ အင်းတော် ကျောင်းကုန်းအနီး ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရမှုတွင် စစ်သား သယ်ဆောင်ထားသည့် ကား ၂ စီး ထိမှန်ခဲ့သောကြောင့် ထိုနေရာတွင် ထိခိုက်မှုနှင့် သေဆုံးသူ စုစုပေါင်း အယောက် ၂၀ ကျော် ရှိခဲ့သည်ဟု အထက်ပါ KIA အရာရှိက ပြောဆိုသည်။

ထို့အပြင် မိုးညှင်းမှ ဆင်းလာမည့် အဆိုပါ စစ်ကောင်စီ ယာဉ်တန်းကို လုံခြုံရေးယူပေးရန် ဇွန်လ ၁၄ ရက်နေ့ ကသာ မှ အင်းတော် ဘက်သို့ မှ ခြေကျင်ဖြင့် ချီတက်လာသော အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းကို အင်းတော် အလယ်ဆိပ်ရွာအနီးတွင် KIA နှင့် PDF ထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ၄နာရီကြာ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဆက်ပြောသည်။

KIA ၏ မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီယာဉ်တန်းသည် လက်ရှိ ကောလင်းဘက်သို့ ရောက်ရှိနေပြီဟု သိရသော်လည်း KNG သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်း နှင့် ကချင်ပြည် နယ်စပ် ပြည်ထောင်စု လမ်းမတစ်လျှောက်တွင် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် နှင့် KIA တို့ကြား မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိနေပါသည်။

Show More

Related Articles

Back to top button