လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကိုင်းတိုင်း မဲကုန်းရွာ မီးဘေးသင့် ပြည်သူ ၁၈၀၀ ကျော်အတွက်အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် လူနေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရသည့်အတွက် မီးဘေးသင့်ပြည်သူ ၁၈၀၀ ကျော်အတွက် အဝတ်အထည် နှင့် အစားအသောက်များ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ယင်း​ဒေသခံများထံမှသိရသည်။

ဇွန်လ ၁၃ ရက်နေ့ ဝက်လက်မြို့နယ် သမာကုန်းနှင့်မဲကုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဇွန်လ ၁၄ ရက်နေ့တွင် မဲကုန်းကျေးရွာကို လေကြောင်းလိုင်းအပါအဝင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လတ်တလောတွင် မီးဘေးသင့်ပြည်သူ ၁၈၀၀ ကျော် အစားအသောက်များ ခက်အခဲကြုံတွေ့နေရသည်ဟု ကူညီပေးနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက KNG သို့ပြောသည်။

“သူတို့အတွက်အခက်အခဲကတော့ အစားအသောက်အခက်အခဲဖြစ်နေတယ်။ အဝတ်အစား ကတော့ ဘေးနားက ရွာတွေက တတ်နိုင်သလောက် ကိုယ့် မှာရှိတဲ့အဟောင်းအနွမ်းတွေ ကိုလှူကြတာလေးတော့ရှိပါတယ်။ အစားအသောက် ကျတော့ ဘေးရွာကလည်း ပြေးနေရတဲ့အ​​ခြေအနေဆိုတော့ အများကြီး မပေးနိုင်ဘူးလေ။ သူတို့တောင် လုံလုံလောက်လောက်စားရတယ်မထင်ဘူး”ဟုပြောဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်သည် အဆိုပါကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ထိုနေရာတွင် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သည့်အတွက် မဲကုန်းကျေးရွာမှ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်မှန်သေဆုံးခဲ့​​​​ကြောင်းလည်း သိရသည်။

မဲကုန်းကျေးရွာသည် အိမ်ခြေ ၅၅၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး လူနေအိမ် ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် လက်ရှိ မီးဘေးသင့်ပြည်သူများက နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်း၊ လယ်ခင်း ယာခင်း တောထဲသို့ တဲများထိုးကာ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

“ရွာသားတွေ အားလုံးတစ်စုတစ်စည်းထဲ မရှိကြတော့ဘူး။ တချို့ကတောထဲမှာ တဲထိုးနေကြတာရှိတယ်။ ခုလောဆယ်က ပြန်လို့မရသေးတဲ့အနေထားမှာရှိနေတယ်။ စစ်ကြောင်းက မနီးနားရွာက ရွာသာကြီးမှာပဲတပ်စွဲထားဆဲဆိုတော့ပြန်မရသေးဘူး။ တချို့ကတော့နီးစပ်ရာရွာတွေမှာခိုလုံနေကြတယ်”ဟု မီးဘေးသင့် ပြည်သူတစ်ဦးကပြောသည်။

မီးဘေးသင့်ပြည်သူများ၏ စားဝတ်နေရေးကို နီးစပ်ရာကျေးရွာများမှ ဝိုင်းဝန်းကူညီပေးမှုများရှိနေသော်လည်း မီးဘေးသင့် လူဦးရေ ၂ထောင်နီးပါခန့်ရှိနေသည့်အတွက်ကြောင့် အကူအညီများလိုအပ်နေခြင်းဖြစ်သည်ဟုလည်း သိရပါသည်။

လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် မီးဘေးသင့် ပြည်သူများကို ကူညီထောက်လိုပါက မီးဘေးသင့်ပြည်သူများထံသို့ တိုက်ရိုက်ဆက်သွယ်၍ သော်လည်းကောင်း လက်ရှိတွင် မီးဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများကို စုံစမ်းမေးမြန်း၍ ပါဝင်လှူဒါန်းနိုင်ကြောင်းတာဝန်ရှိသူများထံမှသိရသည်။

Show More

Related Articles

Back to top button