သတင်း

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပန်းကျေးရွာတွင် တပ်စွဲသော အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို ဇွန်လ ၂၉ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် တွင် ချောင်းဦးမြို့နယ် ဒေသကာကွယ်ရေးတပ် (CHU LDF) အဖွဲ့ မှ အလစ်အငိုက်ဝင်ရောက်တိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ကျဆုံးသွားသည်ဟု ချောင်းဦး LDF မှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများသည် ရွှေပန်းကျေးရွာကို ဇွန်လ ၂၉ ရက်နေ့ မနက်၄နာရီက ဝင်ရောက်တပ်စွဲသည်ကို သတင်းရရှိသဖြင့် ချောင်းဦး LDF အဖွဲ့များက လက်လုပ် Shotgun များ အသုံးပြုကာ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်ဟု ချောင်းဦး LDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စစ်ခွေးတွေ အလစ်အငိုက်ပြောက်ကျားဝင်တိုက်ခဲ့တာပါ စစ်ခွေးပျူခွေးနှစ်ကောင် နေရာမှာတင် ပွဲချင်းပြီးကျသွားပါတယ်”ဟု ချောင်းဦး LDF မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

အကျအဆုံးကိုသိရှိရန် ဝေဟင်မှ ဒရုန်းဖြင့် စစ်ဆေးကြည့်ခဲ့ရာ အလောင်း ၂ လောင်းသယ်ယူသွားကြောင်း သိခဲ့ရသည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ချောင်းဦး LDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ချောင်းဦး LDF တပ်ဖွဲ့များသည် မန္တလေးမှ မုံရွာဘက်သို့တက်လာသော စစ်ကောင်စီယာဥ်တန်းကို ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းခုလတ်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးပြီး ၃ ဦး ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button