သတင်း

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သော ပျောက်ကြားသပိတ် ဦးဆောင်ခဲ့သည့် ဦးချစ် အပါအဝင် PDF တပ်သား ၄ ဦးအား စစ်ကောင်စီတပ် ဖမ်းဆီးထားရာမှ ၂ဦးကို ထောင်တွင်း သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း နီးစပ်ရာ ပြည်သူတစ်ဦးထံမှသိရသည်။

ပြီးခဲ့သော ဧပြီလ ၂၅ ရက်နေ့ စစ်ကောင်စီတပ်သည် ရမ်ပူရပ်ကွက်ရှိ PDF တပ်ဖွဲ့များ တည်းခိုနေသည့် နေအိမ်တစ်အိမ်အတွင်း ဝင်ရောက် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ထိုနေရာတွင် PDF တပ်သား ၂ ဦးပွဲချင်းပြီးသေဆုံးသွားကာ ကျန် ၄ ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပါသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် ၄ဦးနက် သပိတ်ခေါင်းဆောင် ဦးချစ်အပါအဝင် PDF တပ်သားတစ်ဦးကို ဇွန်လကုန်ပိုင်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည့် အကျဉ်းထောင်အတွင်း နှိပ်စက် သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်းသိရသည်ဟု နီးစပ်ရာ ပြည်သူတစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။

“ခေါင်းဆောင်ဖြစ်တဲ့ ဦးချစ်နဲ့ နောက်တစ်ယောက် ထောင်ထဲမှာဘဲ နှိပ်စက်ပြီး သတ်ပလိုက်ကြပီလို့ သတင်းရတာ ဆယ်ရက်လောက်ရှိပြီ။ ခုလောလောဆယ်အထိတော့ သတ်ခံရတဲ့ ၂ ယောက်ထဲက ဦးချစ်ပါတယ်ဆို‌တာဘဲ သိသေးတယ် နောက်တစ်ယောက်က ဘယ်တစ်ယောက်လဲ စုံစမ်းနေတုန်းပါ”ဟုနီးစပ်သူတစ်ဦးကပြောသည်။

ထို့နောက် ဖမ်းဆီးခံရသည့် ၄ဦးကို စစ်ကောင်စီတပ်သည် စစ်ကြောရေးအတွင်း သွားကြားထိုးတံဖြင့် ခန္ဓာကိုယ်ပေါ်တွင် တကိုယ်လုံးထိုးစိုက်ပြီး ရိုက်နှက်စစ်ဆေး မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဆက်သိရသည်။

လက်ရှိတွင် အကျဉ်းထောင်အတွင်း ကျန်ရှိနေသည့် PDF တပ်သား ၂ ဦးသည် လည်း ကျန်းမာရေးစိုးရိမ်ဖွယ်ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button