တိုက်ပွဲသတင်း

ရေဦးနယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာတွင် ၄ ရက်ကြာ တပ်စွဲနေထိုင်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်အဆင့် တစ်ဦးနှင့် တပ်သားအဆင့် ၂၅ ဦး သေဆုံးခဲ့သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) မှ သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ စစ်ကောင်စီတပ်များသည် ဒီပဲယင်း မှ ရေဦးမြို့နယ် တင်းတိမ်ရံ ကျေးရွာသို့ အင်အား၁၄၀ ဖြင့် ဦးတည်လာစဥ် ဒေသကာကွယ်ရေးတပ်များစုပေါင်းကာ ပြောက်ကျားစစ်ဆင်ရေးဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ထိတွေ့တိုက်ပွဲက စကစ ၁၄၀ ပါစစ်ကြောင်းက ဒီပဲယင်းကနေ တင်းတိမ်ရံရွာကို လာတဲ့လမ်းမှာ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေက ပြောက်ကျားစစ်ဆင်ရေးနဲ့ လမ်းကနေဖြတ်တိုက်တာပါ။ ပြီးတော့ ရွာကို မီးရှို့နေချိန်မှာတော့ မတိုက်ခိုက်နိုင်လိုက်ဘူး သူတို့မီးရှို့ပြီးပြန်ဆုတ်တဲ့အချိန် ထပ်တိုက်ခဲ့ပါတယ်။ သူတို့ဘက်က ဗိုလ်တစ်ယောက်အပါ ၂၅ ဦးကျတယ်”ဟုပြောဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးစာရင်းများကို မြေပြင်သတင်းများနှင့် ဒီပဲယင်းဆေးရုံ မြေပြင်သတင်းတွေအရ အတည်ပြုနိုင်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဘက်ကတော့ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဇူလိုင်လ ၂၈ ရက်နေ့ မှ ၃၁ ရက်နေ့အထိ လေးရက်အတွင်း ထိတွေ့ တိုက်ပွဲ ၆ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ မီးရှို့မူကြောင့် ဆန်စက် ၄ လုံး၊ နေအိမ် ၁၀၀ ကျော်နှင့် စျေးဆိုင်ခန်း ၂၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရသည်ဟု ရေဦးမြို့မှ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

Show More

Related Articles

Back to top button