သတင်း

ရွှေကူတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး နှင့် တပ်ကြပ်တစ်ဦးကို KIA နှင့် PDF ဖမ်းဆီး

ကချင်ပြည်နယ် ရွှေကူမြို့နယ် ရွှေကူ-ဗန်းမော်ကြားရှိ ဧရာဝတီမြစ် ရေကြောင်းလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ဖမ်းဆီးသွားကြောင်းသိရသည်။

ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့် ရွှေကူမှ ဗန်းမော်မြို့သို့ ရေယာဉ်ဖြင့် စစ်ကောင်စီတပ်အတွက် စက်သုံးဆီပေပါများ သယ်ဆောင်လာမည့်သတင်းကြောင့် KIA နှင့် PDF များမှ သွားရောက်စစ်ဆေးရာ စက်သုံးဆီပေပါများပါရှိသည့် ရေယာဉ်ကို လွဲချော်သွား၍ ဗန်းမော်တက်မည့် အခြားရေယာဉ်တစ်စီးကို စစ်ဆေးမိရာ ယင်းရေယာဉ်ပေါ်တွင် စစ်ကောင်စီတပ် မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်တစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရွှေကူ PDF နှင့် နီးစပ်သူ  ဒေသခံတစ်ဦး  KNG ကို ပြောသည်။

“ဘယ်လိုပုံစံနဲ့ ဖမ်းမိတာလဲဆိုတော့ လိုင်းမော်တော်ပေါ့ ရွှေကူနဲ့ဗန်းမော်ပုံမှန်ပြေးဆွဲနေတဲ့ရေယာဉ်တွေကို သတင်းအရ ဝင်စစ်ရင်းနဲ့တွေ့ပြီးဖမ်းမိတာလို့ပြောတယ်။ စစ်သားတွေက အရပ်ဝတ်နဲ့ပဲရွှေကူကနေ ဗန်းမော်ကိုတက်တာ အဲ့မှာ ရွှေကူမြို့အထွက် ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းမှာဖမ်းမိတာတယ်လို့ သတင်းရတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဗန်းမော် – ရွှေကူကြားပြေးဆွဲနေသည့် ရေယာဉ်လိုင်းများကို အသုံးချကာ ဗန်းမော်ဘက်သို့ စားနပ်ရိက္ခာ ၊ စက်သုံးဆီနှင့်အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများကို တင်ပို့လျက်ရှိပြီး ယနေ့ နံနက်ပိုင်းကလည်း စက်သုံးဆီပေပါ ဆယ်လုံးထက်မနည်း ပို့ဆောင်လိုက်ကြောင်း သိရသည်။

ယခင်ကလည်း ဧရာဝတီမြစ်ကြောင်းဖြင့် ရွှေကူမှ ဗန်းမော်သို့ပို့အင်အားဖြည့်တင်သည့် စစ်သား နှင့် ထောက်ပို့ပစ္စည်းများပါသည့် ရေမော်တော်ယာဉ်များကို KIA နှင့် PDF တို့က မကြာခဏကြားဖြတ်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သောကြောင့် ယခုနောက်ပိုင်းတွင် စစ်သားအင်အားကို ရေကြောင်းဖြင့်ပို့ဆောင်မှု လျော့နည်းသွားပြီး ထောက်ပို့ပစ္စည်းများကိုသာ ပို့ဆောင်တော့ကြောင်း သိရသည်။

Show More

Related Articles

Back to top button