သတင်း

ဆိပ်မူ KBZ ဘဏ်ရှေ့ ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှုတွင် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်သေဆုံး

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ဩဂုတ်လ ၃ရက်နေ့ ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှု ဖြစ်စဉ်တွင် နောက်ထပ် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မှော်ရှန်ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ရဲမှူးကိုကိုလွင် နှင့် အတူပါလာသည့် ရဲအုပ်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ကားတစ်စီးဖြင့် ရောက်လာ၍ သေနတ်ဖြင့် ၁၁ ချက် ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သောကြောင့် ရဲအရာရှိ  ၂ဦးသေဆုံးသွားခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောဆိုသည်။

“အဲ့နေ့တုန်းက ‌နှစ်ယောက်‌သေတာဟုတ်တယ်။ ဒါပေမယ့် တစ်ယောက်ထဲသေတယ်ဆိုပြီး သိကြတယ်။ အမှန်တော့ သုံးပွင့်တစ်ယောက်နဲ့ နှစ်ပွင့်တစ်ယောပေါ့။ ရဲမှူးကိုကိုလွင်ပဲမဟုတ်ဘူး ရဲအုပ်တစ်ယောက်ပါတယ်။ ကားဒရိုင်ဘာခန်းကို အဝင်မှာ ရဲမှူးကိုပစ်လိုက်တာ ၁၁ ချက်ပစ်လိုက်တာ။ အဲ့မှာ စပယ်ယာခုံမှာထိုင်နေတဲ့ ရဲအုပ်ရဲ့ ဗိုက်နဲ့ပေါင်မှာ သွားမှန်တာ။ ချောင်းပစ်တဲ့လူက အဓိကရဲမှူးကိုပဲ သေချာပစ်တာ ရဲအုပ်ကိုကျတော့မသေချာဘူး။ နောက်အဲ့ရဲအုပ် ဆေးရုံရောက်တဲ့ခါကျတော့သွေးလွန်ပြီး သေသွားတယ်။ အလောင်းကိုလည်းအဲ့နေ့မှာပဲသူ့တို့ကားတွေနဲ့လာသယ်သွားတာ”ဟုပြောဆိုသည်။

သေဆုံးသွားသည့် ရဲအုပ်သည် အသစ်ရောက်လာသည့် ရဲအုပ်ဖြစ်နိုင်သောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရဟု ဒေသခံများပြောသည်။

ပစ်သတ်ခံလိုက်ရသည့် ရဲမှူးကိုကိုလွင်သည် ပြီးခဲ့သည့် ဇူလိုင်လ ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ပြည်သူ ၈ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် ပစ်သတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများပြောဆိုသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းသည့်အုပ်ချုပ်ရေးမှူး ဒလန် ၊ စစ်ကောင်စီ သတင်းပေးများ သတ်ခံရမှုမှာ လက်ရှိအချိန်ထိ ၂၀ ဦး ကျော်နေပြီ ဖြစ်သည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် သြဂုတ်လ ၃ ရက်နေ့က ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှု ဖြစ်စဉ်တွင် ၎င်းနှင့်အတူပါလာပြီး ကားထဲတွင်ရှိနေသည့် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်ခဲ့ပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သွေးထွက်လွန်၍ သေဆုံးသွားကြောင်း ဒေသခံများထံ မှ သိရသည်။

Show More

Related Articles

Back to top button