တိုက်ပွဲသတင်း

ပလန ရဲစခန်းပတ်ခတ်ခံရမှုတွင် ရဲတစ်ဦး ထိမှန်သေဆုံး

မြစ်ကြီးနား ပလနနယ်မြေ ၃ ရှိ နယ်မြေရဲစခန်း ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင် ပစ်ခတ်ခံရမှုတွင် ရဲတပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးမှုရှိကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

“ရဲစခန်းအတွင်းမှာက တစ်ယောက်သေတယ်လို့ပြောတယ်။ ဆေးရုံကားနဲ့လည်း လာသယ်သွားကြတယ်။ အထဲမှာ ဘယ်ထိဖြစ်တာလဲဆိုတာတော့ မသိရဘူး။ သေတယ်ဆိုတာကတော့ မှန်တယ်။ အနီးပတ်ဝန်းကျင်မှာလည်း ပြောဆိုနေကြတယ်”ဟု ရဲစခန်းအနီးရှိသည့် ဒေသခံတစ်ဦးက KNG ပြောဆိုသည်။

ပလန ရဲစခန်းဝင်းအတွင်းအထိ အမည်မသိအဖွဲ့အစည်းမှ လူငယ် ၂ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်နက်ကြီး ၃ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

“လာပစ်တဲ့သူက ရဲဝတ်စုံနဲ့ လူ ၂ယောက် ဆိုင်ကယ်နဲ့ ဟုတ်တယ်။ ရဲစခန်းရှေ့ကနေကို လာပြီး ဗုံးပစ်လက်နက်နဲ့ လာပစ်တာ။ ဟိုကလည်း အတကုန်ပြန်ပစ်တော့ ရဲစခန်းဘေးက လမ်းကြားကနေ ပြေးမောင်းသွားတာ အနောက်က တစ်ယောက်တော့ ကျည်ထိမှန်သွားတာ တွေ့လိုက်တယ်။ လာပစ်တဲ့ ၂ယောက်က ရဲဝတ်စုံနဲ့မလို့ အံ့ဩနေတာ”ဟု ကဝါးခစျေးသည်တစ်ဦးက ယခုလိုပြောဆိုထားသည်။

ဆိုင်ကယ်ဖြင့် ရဲစခန်းဝင်းအတွင်းအထိ လာရောက်ပစ်ခတ်သွားသည့် လူငယ် ၂ဦးသည်လည်း ရဲစခန်းဘက်မှ တန်ပြန်ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ပလနရဲစခန်းရှေ့တွင် လမ်းများပိတ်ဆို့ကာ သွားသည့် ပြည်သူများကို စစ်ဆေးရေး ပိုမိုတင်းကြပ်နေကြောင်း ပြည်သူများထံမှသိရသည်။

ပလန နယ်မြေရဲစခန်း ပစ်ခတ်ခံရမှုသည် တတိယအကြိမ်ခန့်ဖြစ်ပြီး ရဲစခန်းအနီးတဝိုက်တွင် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလျက်ရှိပါသည်။

Related Articles

Back to top button