မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မချမ်းဘော့ မလိခမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပိုမိုများပြားလာ

ပူတာအိုခရိုင် မချမ်းဘော့မြို့ မလိခမြစ်ကြောင်းတစ်လျှောက်တွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ယခုနောက်ပိုင်းပိုမို၍ များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

မချမ်းဘော့မြို့နယ် မလိခမြစ်ကြောင်းတစ်လျှောက်တွင် ယခင်က ရွှေတူးဖော်မှု မရှိခဲ့သော်လည်း စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မေလခန့်မှစတင်ကာ ရွှေတူးဖော်မှု များပြားလာသည်ဟု မချမ်းဘော့ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ခု နောက်ပိုင်းပိုတောင် များလာတယ်ဗျ။ ဘတ်ဖိုးကြီးတွေနဲ့လုပ်တယ်။ ရွှေဖောင်ပေါ့ရေမုံပြောတယ်။ ရေမုံလုပ်တဲ့သူ ပိုများတယ် ဘတ်ဖိုးကတော့ အစီး ၂၀ လောက်ရှိတယ်။ တစ်စီးကို လုပ်ငန်းရှင် လေးငါးယောက်ပေါင်းလုပ်တာ။ ခုရွှေလုပ်တဲ့ နေရာက မချမ်းဘော့နဲ့ဆို စက်လှေနဲ့ ၂ နာရီလောက်သွားရတယ်။ အဲ့နေရာမှာလုပ်တာဟုပြောဆိုသည်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဘက်ဖိုး ၈ စီးခန့်ဖြင့် လုပ်ငန်းရှင် ၅၀ ကျော်ခန့်လာရောက် လုပ်ကိုင်ရာမှ ယခုချိန်တွင် လုပ်ငန်းရှင် စုစုပေါင်း ၁၀၀ နီးပါးရှိကြောင်း ဒေသခံများထံ မှ သိရသည်။

အဲ့ဒီရွှေတူးတဲ့အောက်ဘက်ကတော့ ရေကတစ်ချောင်းလုံး နှောက်နေတာ သုံးလို့မရတော့ဘူး။ တချို့ဒေသခံတွေက မလိခမြစ်မှာ ငါးရှာပြီး လုပ်ကိုင်စားသောက်တဲ့သူရှိတယ်။ အခုလိုရေနှောက်တော့ ငါးရှာရခက်ခဲသွားတယ်။ ရွှေတူးတဲ့သူတွေတော့ အဆင်ပြေသွားတာကြပေါ့။ ဒေသခံတွေက ခက်ခဲသွားတာပါ ဟု ဒေသခံတစ်ဦးက ပြောသည်။

မလိခ မြစ်ကြောင်းတစ်လျှောက်တွင် ရွှေတူးဖော်နေသောလုပ်ငန်းရှင်များမှာ ပူတာအိုမြို့ပေါ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်ဘက်မှ ဖြစ်သည်ဟု သိရသည်။

ထို့အပြင် မြစ်ကြောင်းတစ်လျှောက် ရွှေလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များသည် မချမ်းဘော့အခြေစိုက် စစ်ကောင်စီတပ်ကို လစဥ်ငွေကြေး ၁၀ သိန်းအထက် ပေးဆောင်ရသည်ဟုလည်း သိရသည်။

စစ်အာဏာသိမ်းသည့်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ယခင်က ရွှေတူးဖော်ခြင်းမရှိခဲ့သည့် နေရာဒေသများတွင် ရွှေတူးဖော်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် မြစ်ချောင်း အင်းအိုင်ပျက်စီးမှုဖြစ်ကာ ဒေသခံများ လုပ်ကိုင်စားသောက်မှုကို ထိခိုက်စေသည်ဟု စုံစမ်းသိရှိရပါသည်။

Show More

Related Articles

Back to top button