သတင်း

မှော်ပုံ တွင် စစ်ကောင်စီတပ် ဝင်စီးသဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရ

ဖားကန့်မြို့နယ် လုံခင်းကျေးရွာ အုပ်စုရှိ မှော်ပုံကျေးရွာ (Maden Yang) ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်စီးချိန် ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဖားကန့်မြို့တွင်းတပ်မှ စစ်ကား ၇ စီး အင်အား ၁၈၀ ခန့်ဖြင့် ယနေ့ နံနက် ၄ နာရီခန့်တွင် ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှို့ခဲ့ပြီး ဆိုင်ရှင်ဖြစ်သော ပြည်သူ ၂ ဦးကို ဖမ်းဆီးသွာကြောင်း ဒေသခံများက ပြောသည်။

”မော်ပုံနောက်ကြောကနေ ဝင်လာတာစစ်ကားတွေကာ မှော်ပုံရွာထဲမှာ PDF အချို့ရှိတယ်။ ဝါးတဲလေးတွေနဲ့နေတာ အဲ့တာကိုဝင်စီးတာ နှစ်ဖက်ပြန်လှန်ပစ်ခတ်နေကြတာ။ ပြီးတော့ ကုန်စုံဆိုင်ကို မီးရှို့ပြီး ဆိုင်ရှင် ၂ ယောက်လုံး ဖမ်းသွားတယ်။ ထိခိုက်ကျဆုံးမှုကတော့ မသိရသေးဘူး” ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကုဋေအေး ကုန်စုံဆိုင်ကို PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ ဆိုင်နှင့် ကား ၂ စီးကို မီးရှိုလိုက်သည်ဟု မှော်ပုံဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

”အဲ့ကုန်စုံဆိုင်က ဘာမဆိုင် ညာမဆိုင်နဲ့ရှို့သွားတာ။ ဆိုင်ပိုင်ရှုင်က နိုင်ငံရေးအရှုပ်အရှင်းကင်းတယ်​။ အေးအေးဆေးဆေးပဲ အဲ့တာကိုရှို့သွားတာ တစ်ဆိုင်လုံးပြာကျသွားတယ်။ အစားအသောက်ကုန်တွေ လူသုံးကုန်တွေအဓိကရောင်းတယ်။ ဆိုင်ကအတော်ကြီးတယ်ဗျ” ဟု ထွက်ပြေးလာသည့် ဒေသခံတစ်ဦးက ပြောသည်။

မှော်ပုံတွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေသောကြောင့် ဆက်လက်ပြီး တိုက်ပွဲ ဖြစ်ပွဲ ပြင်းထန်လာနိုင်သေးသဖြင့် ဒေသခံများအရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

”KIA အဖွဲ့တွေဘက်ကလည်း အများကြီးရောက်လာပြီကြားတယ်။ သေနတ်သံတွေကတော့ခုထိကြားရတယ် ရွာသား ထက်ဝက်လောက်တော့ လွတ်လာပြီ တချို့ကရွာထဲမှာပိတ်မိနေတယ်။ သူတို့​ထွက်လို့ရတာနဲ့ထွက်လာကြမှာပဲ ခုလောလောဆယ် ဆန်ခါ၊ လုံးခင်း ဆိုင်းယာကျေးရွာတွေမှာ တော့ရောက်နေပြီ အသိမိတ်ဆွေရှိတဲ့သူတွေက အသိမိတ်တွေအိမ်မှာတချို့ကတော့ ဘုးကျောင်းတွေ ကျောင်းဆောင်တွေမှာ နေရာချထားတယ်တချိူ့” ဟု လုံးခင်းကျေးရွာ၌ စစ်ရှောင်နေသည့် ပြည်သူတစ်ဦးက ပြောသည်။

မှော်လုံကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော် လူဦးရေ ၂၀၀၀ ကျော်ရှိပြီ ကျေးရွာအတွင်း လူဦးရေ ၁၀၀၀ နီးပါးပိတ်မိနေဆဲ ဖြစ်ကြောင်းသိရသည်။

မှော်ပုံတွင် PDFလူငယ်အချို့ ဝင်ရောက်နေထိုင်နေသည်ကို သတင်းရထားသောကြောင့် စစ်ကောင်စီတပ်က ဝင်စီးနေခြင်းဖြစ်ပြီး ယနေ့ နံနက် ပစ်ခတ်မှုတွင် ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးပါ။

Show More

Related Articles

Back to top button