Fact Checkသတင်း

စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NUG အစိုးရ၏ လျှို့ဝှက် ညွန်ကြားစာ အတု ပြန့်နှံ့နေ

စစ်ကောင်စီ ပြုလုပ်မည့် လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အထမမြောက်စေရန် NUG အစိုးရ မှ PDF တပ်ဖွဲ့များကို လျှို့ဝှက် ညွန်ကြားထားသည်ဟူသော သတင်းအမှား ထပ်မံပြန့်နှံ့နေသည်။

ထုတ်ပြန်ချက် အတုကို ကိုလှရွှေ (သတင်းမှန်)ဆိုသည့် တယ်လီဂရမ်အကောင့်တွင် စတင်ရေးသား ဖြန့်ဝေခဲ့ပြီး  “Link” “DGF21 News” “BaNyunt” “Naymin” စသည့် Telegram အကောင့်များတွင်လည်း ထပ်ဆင့် ဖြန့်ဝေလာခဲ့သည်။

လျှို့ဝှက် ညွှန်ကြားစာ အတုထဲတွင်ရွေးကောက်ပွဲသည် ထွက်ပေါက်မရှိသည့် နစက အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်၍ ရွေးကောက်ပွဲမလုပ်နိုင်ရေး၊ နိုင်ငံရေး/စစ်ရေးနည်းလမ်း/အခြားနည်းလမ်း စသောနည်းလမ်းအမျိုးမျိုးဖြင့် တားဆီးဆောင်ရွက်ရန်။ လွှတ်တော်အမတ်စာရင်း အတိအကျရရှိပါက (အထူးသဖြင့် USDP, NUP, PPP) ယင်းတို့ရဲ့ နေရပ် လိပ်စာ၊ ကိုယ်ရေးရာဇဝင်များ ရယူထားရန် ၊ ဦးစားပေးအနေနဲ့ ရွေးကောက်ခံ လွှတ်တော်မတ် ဒုတိယ ဦးစားပေး ၎င်းတို့ရဲ့ မိသားစုဝင်အားလုံး လုပ်ကြံရန် အခက်အခဲရှိပါက ၎င်းတို့ နေထိုင်သည့် နေအိမ် များအား  လူစုလူဝေးဖြင့် ဖျက်ဆီး မီးရှို့လုပ်ငန်းများဖြင့် တားဆီးရန် ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

လျှို့ဝှက် ညွှန်ကြားစာ အတုကို စစ်ဆေးကြည့်သောအခါ စာထဲတွင်နစက ဆိုသည့် စကားလုံး အသုံးအနှုန်းကို အသုံးပြုထားသည်ကို တွေ့ရသည်။ အဆိုပါ အသုံးအနှုန်းသည် စစ်အာဏာသိမ်းစစ်တပ်၏ အသုံးပြုနေသော ဝေါဟာရဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီလ ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ယခုနှစ် ဇွန်လ ၃၀ နေ့စွဲဖြင့် ထုတ်ပြန်ထားသော ကြေညာချက်အမှတ် (၁၃/၂၀၂၂) ထဲတွင်နစကဟု မသုံးပဲအကြမ်းဖက်စစ်ကောင်စီဟုသာ အသုံးပြုထားသည်ကို တွေ့မြင်နိုင်သည်။

အကြမ်းဖက်စစ်ကောင်စီ နှင့် ၄င်းတို့၏ အစုအဖွဲ့များက တော်လှန်ရေးကို ပုံဖျက်သည့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်း တွေ့ရပါသည်” ဟု အဆိုပါ အမျိုးသားညီညွတ်ရေး အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ဖူးသည်။

ထို့ကြောင့် “NUG မှ PDF တပ်ဖွဲ့များအား စစ်ကောင်စီလုပ်မည့်ရွေးကောက်ပွဲ မပြုလုပ်နိုင်ရန်၊ ရွေးကောက်ခံ လွှတ်တော်အမတ်နှင့် ၄င်းတို့ မိသားစုဝင်းများအား လုပ်ကြံရန်နှင့် နေအိမ်များအား ဖျက်ဆီး မီးရှို့လုပ်ငန်းများ လုပ်ဆောင်ရန် လျှို့ဝှက်ညွှန်ကြားထားသည်ဆိုသည့်စာသည် အတုသာဖြစ်သည်။

ထို စာအတုကို စစ်တပ်ထောက်ခံသူများ ကိုယ်တိုင် လုပ်ကြံဖန်တီး ထားခြင်းဖြစ်သည်ဟုလည်း သုံးသပ်နိုင်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နေ့စဉ်သတင်းများကို ဖတ်ရှုရာတွင် ဒေသအခြေစိုက် သတင်းမီဒီယာများ၏ ဖော်ပြချက်များဖြင့် စစ်ဆေးကာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button