သတင်း

မုံရွေးနှင့် ကြေးမုံရွာရှိ ဒေသခံများ ဖမ်းဆီးရိုက်နက်ခံရပြီး နေအိမ်တစ်ချို့ ဖမ်းရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မုံရွေးနှင့် ကြေးမုံရွာ ၂ခုတွင် စစ်ကောင်စီတပ်များက အောက်တိုဘာလ ၄ရက်နေ့ နံနက်ပိုင်း ၉နာရီဝန်းကျင်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် ဒေသခံ ၃၀၀ ခန့်ကိုလည်း ဖမ်းဆီးရိုက်နက်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းသို့ လက်နက်များပစ်ခတ်ကာ ဝင်ရောက်လာခဲ့သဖြင့် လူနေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။

မနေ့ကလည်းရှို့တယ် ဒီနေ့လည်းရှို့တယ်။ နေအိမ်တွေ မီးလောင်တဲ့ မီးလုံးတွေတော်တော်ကြီးကြီးကို မြင်ရတယ်။ မနေ့က နေအိမ် ၂လုံး အရှို့ခံရတယ်။ ဒီနေ့ အခြေအနေကိုတော့ အသေးစိတ်ပြောလို့မရသေးဘူး။ အဲ့ဒီစစ်ကြောင်းက ဒီရွာကို မဝင်ခင်မှာ မိုင်းဆွဲခံရတာဟုတ်တယ်။ ပြီးနောက်တစ်ခါတည်း စစ်ကြောင်းထိုးဝင်လာတာပါ။ အခုဆို ပြည်သူ ၃၀၀ လောက်က ဘုန်းကြီးကျောင်းထဲမှာ ထွက်လို့မရအောင် ဖမ်းဆီးထားတယ်လို့ သိရတယ်ဟုဆိုသည်။

လက်ရှိတွင် ကြေးမုံရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးခံထားရသည့် ပြည်သူများကို ရိုက်နက်စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်းလည်း ဒေသခံများပြောသည်။

အဆိုပါ စစ်ကြောင်းသည် စစ်အင်အား ၅၀ ကျော်ခန့်ရှိပြီး အောက်တိုဘာလ ၅ရက်နေ့ စစ်ကား ၂စီးဖြင့် အင်အား ထပ်မံဖြည့်တင်းထားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ထံမှသိရသည်။

မုံရွေးနှင့်ကြေးမု့ကျေးရွာ ၂ခုသည် တောင်မြောက် အလျားတွင် တစ်ဆက်တည်းရှိသည့် ရွာများဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ကျေးရွာအတွင်း မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မှုတွင်ရှိခဲ့သော်လည်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံများပြောဆိုသည်။

Show More

Related Articles

Back to top button