လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကန့်ဘလူ ဆားတောင်ပြင်ဒေသခံ ၁၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ပစ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း ဆားတောင်ပြင်ဒေသတွင် စစ်ဘေးရှောင်နေသော အမျိုးသား ၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့အထိုင် ခမရ ၃၆၃ စစ်ကောင်စီတပ်ဖွဲ့များသည် နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၇ နာရီတွင်  ဆားတောင်ပြင်‌ဒေသဘက်သို့ ရောက်ရှိလာပြီး ပြည်သူ ၁၈ ဦးကို ကနဦး ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ၄ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၁၄ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“၃ ရက်နေ့မှာ စစ်ဘေးရှောင်တောတိုက်က ၁၈ဦးကိုဖမ်းလာတယ်။ အားလုံးက အမျိုးသားတွေပဲ ၃ရက်နေ့မှာ ၂ဦးကို အရင်ဆုံးပြန်လွှတ်ပေးတယ်။ ပြီးတော့ ၅ ရက်နေ့ညနေမှာ ၂ဦးကို ပြန်လွှတ်ပေးတယ်။ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ ကျန်တဲ့ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူတွေကို မတရားညှင်းပန်းနှိပ်စက်တယ်။ နေတစ်နေကုန်လှန်းတယ် ရိုက်တယ် စစ်ဆေးတယ်။ အဲ့လိုတွေလုပ်တယ် နောက်ဆုံးတော့ သတ်ပစ်လိုက်တယ် သတ်ပစ်ပြီးမီးပုံရှို့လိုက်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူ ၁၄ ဦးမှာ လျှော်ဖြူကုန်းကျေးရွာနှင့် ဇီးကနားကျေးရွာသားများဖြစ်ကြပြီး အသက် ၃၀ နှင့် ၄၀ကြားအရွယ် ၁၁ဦး၊ အသက် ၅၀ အရွယ်တစ်ဦး၊ အသက်၁၈နှစ်အရွယ်တစ်ဦးနှင့် ၁၆ နှစ်၈တန်းကျောင်းသားတစ်ဦး တို့ဖြစ်သည်ဟု သူက ဆက်ပြောသည်။

အဆိုပါ ခမရ-၃၆၃ စစ်ကောင်စီတပ်ဖွဲ့များသည် ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်းရှိ ကိုးတောင်ဘို့တိုက်နယ် ပေါက်ဦးကုန်းတွင် စခန်းချနေထိုင်ပြီး အင်အား ၆၀ ကျော်ရှိသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် ပြန်လည်လွှတ်မြောက်လာခဲ့သည့် ပြည်သူ ၄ ဦးမှာလည်း နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် ယနေ့အထိ နားမကြားရကြောင်း သိရှိရသည်။

‌ဒေသခံများ စစ်ဘေးရှောင်နေရသော ဆားတောင်ပြင်ဒေသသည် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချနေထိုင်သော ပေါက်ဦးကုန်းဒေသ၏ အနောက်တောင်ဘက် ၅ မိုင်အကွာတွင် တည်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ ခမရ-၃၆၃ စစ်ကောင်စီတပ်ဖွဲ့များသည် နိုဝင်ဘာ ၃ ရက်နေ့ ဆားတောင်ပြင်ဒေသကို စစ်ကြောင်းထွက်ခွာစဥ်မှာပဲ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို  လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဇီးကနားကျေးရွာရှိ အသက် ၁၃နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သည်။

Show More

Related Articles

Back to top button