သတင်း

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

ကချင်ပြည်နယ် ဖားကန်မြို့နယ်တွင် ယခုရက်ပိုင်း ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု သုံးစွဲမှု ပိုမိုများလာသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဖားကန့်မြို့ပေါ် လုံခင်းကျေးရွာ၊ ဆန်းကြွယ်ကျေးရွာများရှိ ကုန်စုံဆိုင်များ၊ ကွမ်းယာဆိုင်များနှင့် ကျောက်အရောင်းအဝယ်ပြုလုပ်သည့် စျေးကွက်များအထိပါ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အတုများကို အသုံးပြုလာနေကြောင်း လုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

ဒီနောက်ပိုင်းအသုံးပြုလာနေတာကို သတိထားမိလာကြတာ ဟိုနေ့ကလည်း ကျောက်ပွဲတစ်ပွဲတည့်တော့ အဲ့မှာ တစ်သိန်းတန်အုပ်မှာ ညှပ်ပြီးပါပါလာတယ်။ တစ်သိန်းလောက်ဆို တစ်ရွက်လောက်ပါပါလာတယ်။ ဒီတိုင်းဆိုမသိဘူးအဲ့နေ့က သူ့လက်ကရေစိုနေတာ ရေစိုတဲ့လက်နဲ့ပိုက်ဆံကိုင်တော့ရေထိတဲ့နေရာက မျှင်ရည်ကပယ်နေတာ အဲ့တာနဲ့သိလိုက်တာ အချင်းချင်းဆိုတော့ဘာမှမဖြစ်ဘူးသူလည်းဘယ်ကပါလာတာလည်းမသိဘူးတဲ့ဟုပြောဆိုသည်။

ဖားကန့်ဒေသတွင် ငွေစက္ကူအတုအသုံးပြုလာမှုမှာ ယခုလအတွင်းပိုမိုများလာသည်ဟု ဒေသခံများပြောဆိုနေကြသည်။

ဘယ်ကဘယ်ကလူတွေလည်းမသိဘူး လာဝယ်ကြတာ တစ်ဆိုင်ထဲမှာအများကြီးတော့မဝယ်ဘူး။ ဟို ဟိုဆိုင်မှာနည်းနည်း၊ ဒီဆိုင်မှာနည်းနည်းဝယ်တာသူတို့ပြန်ထွက်ပြီးမှစစ်ကြည့်တော့အတုဖြစ်နေတာ။ အဲ့လူကနောက်ထပ်လည်းလာမဝယ်တော့ဘူး ဟိုနေ့ကလည်း ဆန်းကြွယ်ကုန်စုံဆိုင်က ကလေးမတစ်ယောက်က လာအပ်တယ်ငွေအတုဆိုပြီးသုံးရွက်လာအပ်တယ်။ စုံစမ်းဖို့ဖမ်းပေးဖို့ပေါ့။ အခုထိတော့လက်သည် ဘယ်သူလည်းဘယ်ကလည်းမသိရဘူးဟု ဆန်းကြွယ်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါငွေစက္ကူအတုသည် ငွေကြိုးမပါခြင်း၊ မျှင်ရည်စွန်းထင်နေခြင်း၊ ငွေစက္ကူရွက်သေးနေခြင်းတို့ကြောင့် ငွေစက္ကူ အစစ်နဲ့ကွာဟနေကြောင်း ဒေသခံများကဆိုသည်။

ငွေစက္ကူအတုဖြန့်နေသူများကို ဖမ်းမိနိုင်ရေးအတွက် ဖားကန့် မြို့ပေါ်၊ ရပ်ကွက်၊ကျေးရွာအလိုက် စောင့်ကြည့်ရန် ရပ်ကျေးတာဝန်ရှိသူများက စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်သြဂုတ်လတွင် ပူတာအိုမြို့မူလာရှီးဒီ ကျေးရွာရှိကုန်စုံဆိုင်တစ်ဆိုင်တွင် အမျိုးသားတစ်ဦးက ၁၀၀၀၀ တန် ငွေစက္ကူအတုအများအပြားဖြင့် စျေးလာဝယ်စဥ်ရပ်ကွက်နေ ပြည်သူများကဖမ်းဆီးခဲ့သည့်အပြင် မြစ်ကြီးမြို့ရှိ ငွေလွှဲဆိုင်တွင်လည်း ၁၀၀၀၀ ကျပ်တန်အတုဖြင့် ငွေလာလွှဲသူရှိခဲ့သည်။

Show More

Related Articles

Back to top button