သတင်း

ထီးချိုင့်တွင် စစ်ကောင်စီ နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ရက်တာတိုက်ပွဲအတွင်း နှစ်ဘက်အကျအဆုံးများရှိ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF ပူးပေါင်းတပ်တို့ကြား နှစ်ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းတပ်ဘက်မှ ၂ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ် ဘက်မှလည်း အကျအဆုံးများပြား ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

စစ်အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ကာ ထီးချိုင့်မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာအချို့သို့ ဝင်ရောက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်  ဇန်နဝါရီလ ၈ ရက် နှင့် ၉ ရက်နေ့တွင် KIA+PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။

စကစ ဘက်ကတော့ တော်တော်လေးအထိနာသွားတယ်။ သူတို့ထီးချိုင့်မြို့ပေါ်ပြန်ဝင်တဲ့အချိန်မှာ ထမ်းဆင် ၇ခုနဲ့ ဝင်သွားတယ်။ ကျနော်တို့ဘက်ကတော့နှစ်ဦးကျတယ် KIA ဘက်ကတစ်ယောက်၊ PDFဘက်က တစ်ယောက်ဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချထားသည့် အလယ်တောရွာနှင့် အင်ကြင်းကုန်း ရွာ၂ ခုကြားတွင် တစ်ကြိမ်၊ အလယ်တောရွာနှင့် ထန်းကုန်းကျေးရွာကြားတွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု သူက ဆက်ပြောသည်။

ထို့နောက် ၄င်းစစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းတွင် အလယ်တောကျေးရွာမှ ထီးချိုင့်မြို့ပေါ်သို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ထွက်ခွာသွားရာလမ်းတစ်လျှောက်က စစ်ဘေးရှောင်တဲတိုက်များကိုလည်း မီးရှို့သွားခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် များကဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်လည်း အလယ်တောကျေးရွာ၌သာ စစ်ကောင်စီတပ်ဖွဲ့များနှင့် KIA PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်အပါအဝင် ၁၀ ဦးထက်မနည်း ကျဆုံးခဲ့သေးသည်။

အလယ်တောကျေးရွာနှင့် အနီးတစ်က်ရှိ ကျေးရွာများမှ ပြည်သူသောင်းချီ သည်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ မှ ယနေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး နေရာအနှံ့တွင် တိုက်ပွဲပေါင်း ၉၀၀ ကျော်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၈ သိန်းနီးပါး စစ်ပြေးတိမ်းရှောင်နေရပြီး တစ်နိုင်ငံလုံးတွင် စစ်ရှောင်လူဦးရေအများဖြစ်သည်ဟု မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု့ (ISP Myanmar) ၏ ထုတ်ပြန်ချက်များအရသိရသည်။

Show More

Related Articles

Back to top button