စစ်ပြေးဒုက္ခသည်များသတင်း

ဒီပဲယင်းမြို့နယ်တွင် တစ်ပတ်အတွင်း ‌ကျေးရွာ ၁၂ ရွာ မီးရှို့ခံရပြီး ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ဇန်နဝါရီလ ပထမအပတ်အတွင်းကျေးရွာ ၁၂ ရွာခန့် မီးရှို့ခံခဲ့ရပြီး ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အရေးပေါ်အကူညီများ လိုအပ်လျှက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဒီပဲယင်းမြို့မှ စတင်စစ်ကြောင်းထွက်ခွာလာပြီး ဒီပဲယင်းအနောက်ခြမ်းရှိ ကျေးရွာ ၁၂ ရွာကို ဝင်ရောက်စီးနင်းကာ မီးတင်ရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဒီပဲယင်းမြို့ပေါ်ကနေ တစ်ခါပြန်ထွက်လာပြီးရှို့တာ ဒီပဲယင်းအနောက်ခြမ်းကို ဒီနေ့ထိဆို ရွာပေါင်း ၁၂ ရွာ နေအိမ် ၄၀၀ ကျော်ပြီပေါ့။ သူတို့က မြို့ထဲပြန်ဝင်လိုက်‌ ကျေးရွာတွေဘက်လှည့်လိုက်နဲ့ ဒီနေ့ထိပေါ့။ လက်ရှိတော့ ဒီနက်မှာပဲကို ဒီပဲယင်းနဲ့ ရေဦး အစပ်ကလျှော်ဖြူရွာကို မီးရှို့ပြီး မြို့ထဲပြန်ထွက်သွားတယ်ဟုပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဒီပဲယင်းအရှေ့ခြမ်းရှိ ကျေးရွာ ၁၉ ရွာကို မီးရှို့ခဲ့သည့် ခမရ၃၆၄ နှင့် ခလရ၇၀၁ တပ်ရင်းများဖြစ်သည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီလ ပထမအပတ်အတွင်း ဒီပဲယင်းရှိ ကျေးရွာ ၁၁ ရွာကို မီးတင်ရှို့ခဲ့သည့်အပြင် အသက် ၈၀ ကျော်အရွယ် အဘိုးအိုနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ ကိုဖြိုးကြီးက ဆိုသည်။

အခုထိကိုကျနော်တို့အတည်ပြုလို့ရတဲ့ သတ်ဖြတ်ခံရသူစာရင်းက မီးလောင်သေဆုံးတဲ့ ဆပ်ပြာကျင်းက ၈၄ နှစ်အရွယ် ဦးဖိုးတာရယ်၊ အင်တိုင်းလေး‌ကျေးရွာက ၈၅နှစ်အရွယ် အဘိုးဦးဝန်မြ၊ သူဆိုနေမကောင်းလို့ စစ်ဘေးမရှောင်နိုင်တဲ့အချိန်မှာ မီးရှို့တဲ့ထဲပါသွားခဲ့တယ်။ ပျောက်ဆုံးနေတဲ့သူကလည်း အင်တိုင်‌လေးနဲ့ ချောင်းနား ကျေးရွာက ၆ယောက်လောက်က ပျောက်နေသေးတယ်ဟုဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှကိုဖြိုးကြီးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ ယခုလို လုပ်ရပ်များကြောင့် ဒေသခံပြည်သူ ၁သောင်းခွဲခန့်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ယာယီတဲဆောက်ဖို့ရန်ခက်နေကြပြီး အရေးပေါ်အကူညီများ လိုအပ်နေသည်ဟု သူက ဆက်ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များနှင့် မီးဘေးသင့်ပြည်သူများကို ကူညီလှူဒါန်းလိုပါက ဒီပဲယင်းမြို့နယ်ညီနောင်များနှင့် ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့များ၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် တိုက်ရိုက်လှူဒါန်းနိုင်သည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၅၀ကျော်ကနေအိမ်ပေါင်း ၄၈၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသည့် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

Show More

Related Articles

Back to top button