သတင်း

လီဒိုလမ်းမပေါ်တွင် စက်သုံးဆီ တင်သွင်းခွင့် ပြည်သူ့စစ် နှင့် KIA အပြိုင်ပိတ်

ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေ၊ ရှဒူးဇွပ် (Ja Htu Zup) တွင် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုကြား လီဒိုလမ်း တစ်လျှောက်ပေါ်တွင် စက်သုံးဆီ ရောင်းဝယ် တင်သွင်းခွင့် ပိတ်ထားကြောင်း သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ကာ ပြည်သူ့စစ်နှင့် KIA တို့ အပြိုင်အဆိုင်ပိတ်ဆို့မှုကြောင့် တနိုင်း လီဒိုလမ်းဘက်သို့ ဆီဘောက်ဆာ အဝင်ကားများ မရှိတော့သည်မှာ ၄ ရက်ခန့်ရှိလာပြီဟု ရှဒူးဇွပ်ဒေသခံ တစ်ဦးက KNG ကို ပြောဆိုသည်။

တနိုင်းလမ်းတစ်ကြောလုံး ပိတ်ထားတယ်လို့ပြောတယ်။ ဆီဘောက်ဆာကားတွေ ဆီသယ်တဲ့ကားအသေးတွေ မတက်တာ ၄ ရက်လောက်ရှိပြီ။ အခုရှဒူးဇွပ်မှာက အရင်က လက်ကျန်ဆီတွေပဲ ရောင်းနေတာဟုတ်တယ်။ ဆီကားအဝင်တော့ မရှိတော့ဘူး။ တစ်ချို့ဆီဆိုင်တွေဆိုရင် ဆီမရှိတော့ဘူး။ နမ္မတီးမြို့ဘက်မှာ ဝင်ခွင့်ပိတ်ထား တယ်လို့ပြောတယ်။ ဘယ်နားမှာ ဘယ်လိုပိတ်ထားတယ်ဆိုတာက အသေးစိတ် မသိရဘူးဟုပြောဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ မှ ဇန်နဝါရီလ ၁၀ ရက် နောက်ပိုင်း ဟူးကောင့်ဒေသအတွင်းရှိ ရွှေမှော်များတွင် စက်ယန္တရားလည်ပတ်ခွင့်မရှိအောင် စက်သုံးဆီများ တင်သွင်းခွင့် နှင့် ရောင်းချခွင့်ပိတ်ထားကြောင်း ရှဒူးဇွပ်ဒေသခံများ ပြောဆိုသည်။

စစ်သုံးဆီများ ရောင်းဝယ်တင်သွင်းခွင့် မရှိကြောင်း KIA ဘက်က သတိပေးပြောဆိုလိုက်သည့်နောက် တဖက်တွင် ဝါရာဇွပ်ပြည်သူ့စစ် မင်းဇင်သန့်အဖွဲ့ဘက်မှလည်း ထပ်မံပိတ်ဆို့မှုများ ရှိလာသည့်အတွက် ယခုလို တနိုင်း လီဒိုလမ်းဘက်တွင် ဆီကား အဝင်များ မရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် ရှဒူးဇွပ်ကျေးရွာတွင် ဒီဇယ် တစ်ပေပါ ၉ သိန်း၊ ဓါတ်ဆီ တစ်ပေပါ ၁၀ သိန်းဝန်းကျင်အထိ စျေးတက်သွားပြီး လက်ရှိတွင် စက်သုံးဆီရောင်းဝယ်သည့် ဆီဆိုင်များတွင်လည်း ပြတ်လပ်လာပြီဟု သိရသည်။

အခုက စက်သုံးဆီတစ်ခုတည်း ပိတ်ပေးတာ မဟုတ်။ ရွာရဲ့ ပတ်ပတ်လည်မှာ သွားလို့ရတဲ့ လမ်းတွေပါ အကုန် ပိတ်ထားကြတယ်။ ပြည်သူ့စစ်တွေက သူ့တို့ရဲ့ ဂိတ်ထိုင်ထားတဲ့လမ်းမကြီးကိုပါ ပိတ်ထားလို့ ရွာသာတွေက ပုံမှန်သွားလာနေတဲ့ တောင်ယာ အခင်း နဲ့ လက်လုပ်လက်စားတွေ သွားလာလို့မရတော့ဘူး။ အကြိုအပို့လုပ်နေတဲ့ ကယ်ရီသမားတွေလည်း သွားလို့မရတော့ဘူး။ ဒီအချိန်မှာဆိုရင် လုပ်ကိုင်စားသောက်ရမယ့် ရာသီဖြစ်တယ် ဘယ်မှထွက်လို့မရတော့ဘူး။ တော်တော်လေးကို ခက်နေကြတယ်ဟုဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ယမန်နေ့တွင် ရှဒူးဇွပ်ကျေးရွာအနီးတဝိုက် သွားလာသည့် ဒေသခံပြည်သူ ၃ ဦး မြေမြုပ်မိုင်းနင်းမိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၃ ဦးအနက် တစ်ဦးသေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု သိရသည်။

ယခုလို ရှဒူးဇွပ်ဒေသတွင် ပြည်သူ့စစ်အဖွဲ့နှင့် KIA တို့ကြား ရွှေလုပ်ကွက်မှ ဝင်ငွေရရှိရေး အပြန်အလှန် အားပြိုင်ရင်း ပိတ်ဆို့မှုများ လုပ်ဆောင်နေသောကြောင့် နေ့စဉ် အသက်မွေးဝမ်းကြောင်းမှာ ခက်ခဲလာသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

အစတုန်းကတော့ လမ်းပိတ်တာကအစ KIA ဘက်ကပဲ ပိတ်တယ်လို့ကြားတယ်။ အခုက ပြည်သူ့စစ်ဘက်ကလည်းပြန် ပိတ်ပြန်တယ်တဲ့ သူတို့ ပိတ်ချင်သလို ပိတ်နေကြတယ်။ ပြည်သူတွေကို တရားဝင်ပြောဆိုတာလည်း မရှိဘူး။ အခုလို လုပ်နေတာက သူတို့အတွက် လုပ်နေတယ်လို့ပဲပြောချင်တယ် သူတို့ချင်း ပိတ်ဆို့ကြတာအရေးမကြီးဘူး ပြည်သူတွေပဲ ထိခံနေရတာဟုပြောဆိုသည်။

လက်ရှိတွင် မိုးကောင်းဘက်မှ တင်ပို့လာမည့် ဆီအဝင်ကားများကို ပြည်သူ့စစ်အဖွဲ့ ပိတ်ဆို့ထားသည်ဟု သိရသော်လည်း စစ်တပ်အရာရှိများကို ငွေကြေးပေးနိုင်ပါက ဆီကားများ တင်ပို့နိုင်ကြောင်းလည်း မရန်ကထောင် စစ်တပ်ဂိတ်နှင့်နီးစပ်သည့် ပြည်သူတစ်ဦး ပြောသည်။

ပြီးခဲ့ နှစ်ကုန်ပိုင်းမှစတင်ကာ ရှဒူးဇွပ်ကျေးရွာ တဝိုက် မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့ စိုးမိုးထားသည့် ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ်နှင့် ကိုင်းတောနေရာများတွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များကို KIA က အမြန်ဆုံးထွက်ခွာသွားကြရန် သတိပေးခဲ့ခြင်းဖြစ်သည်။

KIA အနေဖြင့် အဆိုပါ ရွှေမှော်များမှ ပြည်သူ့စစ်အဖွဲ့ရရှိနေသည့် ဝင်ငွေများကိုဖြတ်တောက်ရန်အတွက် ဆောက်ရွက်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် နှစ်ဖက်တပ် ပိတ်ဆို့မှုများ အပြန်အလှန်ရှိနေသောကြောင့် ရေရှည်တွင် နောက်ဆက်တွဲ ပြဿနာကို ဒေသခံပြည်သူများသာ ကြုံတွေ့မည်ဖြစ်သည်ဟု ဒေသခံများ ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button