သတင်း

ဆားလင်းကြီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်‌ကောင်စီတပ်မှ MI 35 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ ဆားထုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်များအကြား ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ရွှေလှေကျေးရွာမှ ထွက်ခွာလာစဉ် ဆားထုံးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။

တိုက်ပွဲ ဖြစ်တာပါ အဲ့စစ်ကြောင်းက မနေ့က ရွှေလှေမှာ ညအိပ်တယ် ဒီနေ့ အဲ့ဒီကနေထွက်လာပြီး ဆားထုံးရွာ မရောက်ခင်လေးမှာဖြစ်တယ်။ နာရီဝက်လောက်နေတော့ သူတို့ဘက်က တော်တော်အထိနာလို့ ဝေဟင်ကနေ MI 35 နဲ့ မိနစ် ၂၀ လောက် ပစ်ခတ်သွားတယ်ဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တစ်နာရီကြာ ပြင်းထန်ခဲ့သော တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးကာ စစ်ကောင်စီဘက်မှလည်း အထိနာခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ဆားလင်းကြီးမြို့ပေါ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆားထုံးကျေးရွာနှင့် အနီးတစ်ဝှိုက်ရှိ ရွာပေါင်း ၁၀ ရွာမှ ပြည်သူများသည် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆားထုံးကျေးရွာသည် ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ဘက် ဆားလင်းကြီးမြို့နှင့် ၂မိုင်ခန့်အကွာတွင် တည်ရှိသော ကျေးရွာတစ်ခုဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်များကြောင့် ဒေသခံ ၇ သိန်းကျော် စစ်ပြေးတိမ်းရှောင်နေရပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်သည်ဟု မြန်မာ့မဟာဗူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ မှတ်တမ်းများမှ သိရသည်။

Show More

Related Articles

Back to top button