သတင်း

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ် တရုတ်နှစ်သစ်ကူးကာလ ရက်အကန့်အသတ်မရှိပိတ်

မြန်မာတရုတ်နယ်စပ်၊ လွယ်ဂျယ်လိုင်ရင်း နယ်စပ်ကုန်သွယ်ရေးကို တရုတ်နှစ်သစ်ကူးကာလ ဖြစ်သောကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားသည်ဟု သိရသည်။

လွယ်ဂျယ်လိုင်ရင်း နယ်စပ် ကုန်သွယ်ရေးဂိတ် မှ ကုန်ကားများဖြတ်သန်းသွားလာခွင့်အပြင် ခရီးသည်ဝင်ထွက်သွားလာခွင့်ကိုပါ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ ရက်အကန့် အသတ်မရှိ ပိတ်လိုက်ကြောင်း လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ကုန်ကားကော ခရီးသည်တွေဝင်ထွက်ခွင့်ပါ ပိတ်လိုက်ပြီဗျ။ ဒီနေ့မနက်ပဲ ပိတ်လိုက်ပြီဆိုပြီး ဂိတ်ကိုသတင်းရောက်တယ်။ တရုတ်နှစ်သစ်ကူးကာလ မလို့ပိတ်တာပါ။ တရုတ်ဘက်ကပိတ်တာဟုကုန်သွယ်ရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွယ်ဂျယ်ဂိတ်တွင် ကုန်စည်ကားများ ဝင်ထွက်သွားလာခွင့်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မတိုင်မှီကတည်းက ပုံမှန်အတိုင်း ခွင့်ပြုထားပြီး ခရီးသည်ဝင်ထွက်ခွင့်ကို ကိုဗစ်ကြောင့် နှစ်ဖက်အစိုးရက လရှည်ပိတ်ထားရာမှ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည်ဝင်ထွက်ခွင့်ပြုခဲ့ရာ ယနေ့ပြန်ပိတ်လိုက်ခြင်းဖြစ်သည်။

မြန်မာတရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တင်းတင်းကြပ်ကြပ် ချမှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို တရုတ်အစိုးရဘက်က ဒီဇင်ဘာလကတည်းက ဖြေလျော့လိုက်သည့်နောက်ပိုင်း ကချင်ပြည်နယ်ရှိ လွယ်ဂျယ်ဂိတ် ကန်ပိုက်တည်ဂိတ်များတွင် ကိုဗစ်အစစ်အဆေးမရှိ Quarantine ဝင်စရာမလိုပဲ နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ယင်းဂိတ်များမှ စုံစမ်းသိရှိရသည်။

အခုက လွတ်လွတ်လပ်လပ်သွားလို့ရပြီ ကိုဗစ်စစ်ဆေးတာမရှိဘူး။ ကွာရန်တင်းဝင်စရာလည်းမလိုတော့ဘူး။ အရင်လိုပုံမှန်အတိုင်းပဲ သွားလာနေတာ ဒါပေမယ့် ခရီးသည်ကတော့ စည်စည်ကားကားသိပ်မရှိသေးဘူးဟု လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အတွင်းက လွယ်ဂျယ်၊ ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ၂၀၂၀၂၀၂၁၂၀၂၂ သုံး နှစ်တာပတ်လုံး ကိုဗစ်ကြောင့် ကုန်သွယ်ရေးနှောက်နှေးခဲ့ရာ သီးနှံစိုက်ပျိုးသူများအရှူံးနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်မှ တစ်ဖန် ပြန်လည်စည်ကားလာစ ဖြစ်သည်။

Show More

Related Articles

Back to top button