သတင်း

KIO မြေရှားတူးဖော်နေတာကို ရပ်တန့်ဖို့ ကချင်ဒေသတွေ ဆန္ဒပြ တောင်းဆို

ကချင်ပြည်နယ် မိုးမောက်ထဲမှာ KIO အစိုးရကနေ မြေရှားတူးဖော်နေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ဒေသခံပြည်သူတွေ ဆန္ဒပြတောင်းဆိုတာတွေ လုပ်ဆောင်နေကြပါတယ်။

အဲဒီဆန္ဒပြတောင်းဆိုမူကို ဇန်နဝါရီ ၁၃ ရက်နေ့နဲ့ ၁၆ ရက်နေ့ ၂ ရက်တာအတွင်း အင်ဘာပါ ဒေသခံပြည်သူ ၂၀၀ ဝန်းကျင်ခန့်ပါဝင်ပြီးတော့ မြေရှားတူးဖော်နေတဲ့ လုပ်ကွက်ထိသွားပြီး ဆန္ဒပြတောင်းဆိုတာတွေလုပ်ခဲ့တာလို့ သိရပါတယ်။

ဒီလုပ်ငန်းကို လုံးဝ ရပ်တန့်သွားအောင် ကန့်ကွက်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါက လုံးဝ မကောင်းဘူးဆိုတာ အားလုံးသိတယ်။ ကျနော်တို့ အသက်ကြီးရွယ်အိုတွေအတွက် ဘာမှ မပူပေမယ့် လာမယ့် မျိုးဆက်သစ်တွေအတွက် တိုးတက်ဖို့လမ်းကြောင်းမှာ အတားအဆီးဖြစ်လာနိုင်တယ်။ ဒါကြောင့် အခုဆို ဒီက ဒေသခံတွေလည်း ဒီလုပ်ငန်းမကောင်းဘူးဆိုတာသိလာပြီ။ ပိုက်ဆံက အခုသုံးလိုက်ရင် ကုန်သွားမယ်။ ပြည်သူသာ အဓိက ဒုက္ခရောက်မှာဖြစ်တယ်ဆိုတာ သိတဲ့အတွက် ကန့်ကွက်နေတာဖြစ်ပါတယ်လို့ ကန့်ကွက်ရာမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

၁၆ ရက်နေ့က ဆန္ဒဖော်ထုတ်ရာမှာ စစ်ရှောင်များ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဗန်းမောက်ဇုံနယ်က တာဝန်ခံတွေ နှင့် မိုးမောက် ကတ်သလစ်ဘုန်းတော်ကြီးတပိုင်ကလည်း ပါဝင်ခဲ့ပါတယ်။

အဲ့ဒီဒေသမှာ မြေရှားတူးဖို့ပြင်ဆင်နေတာကို လုံးဝ ရပ်တန့်ပေးဖို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကနေစပြီး KIO ဗဟိုအစိုးရကို စာဖြင့်သော်လည်းကောင်း ဘာသာရေးခေါင်းဆောင်များလူကိုယ်တိုင်သွားရောက် တောင်းဆိုတာတွေလုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ Dingsing Pa မှာ မြေရှားတူးဖော်ဖို့အတွက် မြေတိုင်းမှုတွေ၊ ပစ္စည်းတင်ပို့ထားမှုတွေကို လုပ်ဆောင်လာတာဖြစ်ပါတယ်။

KIO အုပ်ချုပ်ရာနယ်မြေဖြစ်တဲ့ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ဒိန်စိန်းပါ၊ အင်ဘာပါတွေမှာ KIO က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး မိုင်းဂျာယန်နဲ့လွယ်ဂျယ်ကြားမှာရှိတဲ့ အင်ခေါင်းပါအနီး ဂေါင်ရီကရုန် တောင်ကုန်းတစ်ကြောမှာ ၃နှစ်တာ တူးဖော်ခွင့် ပြုခဲ့ပြီးတဲ့နောက် ခုလည်း ဒိန်စိန်းပါမှာ မြေရှားထပ်မံတူးဖော်ရန် လုပ်ဆောင်နေတာပါ။

အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့ သဘောထားကို နားထောင်ပြီး ပြည်သူ့ဆန္ဒကို လိုက်လျောပေးသင့်တယ်လို့ တရုတ် နယ်စပ်တစ်လျောက် လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

ကျနော်တို့ဒေသခံတွေရဲ့အမြင် ခံယူချက်ကိုလည်း လေးစားလိုက်နာပေးဖို့ လိုတယ်လို့မြင်တယ်။ အစိုးရတစ်ရပ်ဆိုတာ ပြည်သူတွေကိုကာကွယ်ပေးရမယ် ပြည်သူတွေရဲ့ဆန္ဒကိုလည်း အသိအမှတ်ပြုပေးရမယ်။ အဲကြောင့် ခုလည်းဒေသခံပြည်သူတွေရဲ့အသံကိုနားထောင်ပြီး အကောင်းဆုံးဖြေရှင်းပေးဖို့မျှော်လင့်ပါတယ်ဟုပြောသည်။

ဒေသခံတွေဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် ကော်မတီထံတင်ပြတောင်းဆိုခဲ့ပြီး ဖြစ်ပေမယ့် အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးအဆင့်လောက်မှာပဲ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောဆိုပါတယ်။

ကချင်ပြည်နယ်က မြေရှားလုပ်ကွက်တွေမှာ တရုတ်နိုင်ငံသားတွေက အဓိက လာရောက် တူးဖော် ထုတ်ယူနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button