သတင်း

မိုင်းအသိပညာပေး လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်ရန် ဒေသခံများ လိုလား

ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေအပြင် စစ်ကောင်စီတပ်စခန်းနှင့် နီးကပ်တဲ့ပတ်ဝန်းကျင်က ပြည်သူတွေကို မိုင်းအသိပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ယနေ့ထိ စစ်တပ်က ပစ်ခတ်လိုက်တဲ့ မိုင်း၊ ဗုံးများ မပေါက်ကွဲဘဲကျန်ရှိနေတဲ့အထဲက ကလေးငယ်များ သွားရောက်ကောက်ဆော့ကစားရာမှ ပေါက်ကွဲကာ ထိခိုက်သေဆုံးသူ ၉ ဦး ထက်မနည်းရှိလာပြီဖြစ်ပါတယ်။

ကျနော်တို့ပြည်သူတွေမှာ မိုင်းအသိပညာက မရှိသလောက်ဘဲ ကလေးတွေမပြောနဲ့ လူကြီးတွေကိုယ်တိုင်တောင်မပေါက်ကွဲဘဲ ကျနေရင်တေ့ာ သွားကောက်မှာဘဲ အရင် ၅၈ (ခလရ ၅၈ကပစ်လိုက်တာတောင် ကျနော့ ကြက်ခြံနား လာကျတာလည်းရှိတယ် အဲတော့ မိုင်းအသိပညာပေးက လိုကို လိုအပ်နေပြီလို့ ဝိုင်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်တဲ့နောက်ပိုင်း သူတို့ရဲ့တပ်စခန်းနေရာတွေကနေ KIA နဲ့ PDF ရှိတယ်လို့ ယူဆတဲ့နေရာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ယမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေကြတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ဝူယန်ကျေးရွာအတွင်း ပြည်သူ့စစ် စခန်းအနီးမှာ ကျကျန်ခဲ့တဲ့ မိုင်းတစ်လုံးကောက်ယူ ဆော့ကစားရာကနေ ပေါက်ကွဲပြီး အသက် ၁၀ နှစ်အောက် ကလေးတစ်ဦးသေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာပြင်းထန်ပြီး လက်ရှိချိန်ထိ ဆေးဝါးကုသနေကြရဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်းမော် ၅၈ တပ်ရင်းကနေပစ်လိုက်တဲ့လက်နက်ကြီးလည်း အခုထိ မပေါက်ကွဲ ကျကျန်နေတာ ရှိနေဆဲ ဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာလည်း ရွှေကူ ရေလဲရွာမှာ ကလေးတွေကောက်ယူလာတဲ့မိုင်းကို သိမ်းရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံပြည်သူ ၃ ဦးပွဲချင်းပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။

အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း စစ်ကိုင်း၊ ကချင်အစပ် ကသာမြို့နယ် ချောင်းဝရွာအတွင်း မြစ်ရေတက်ချိန် စစ်ကောင်စီတပ်က ယမ်းသမ်းပစ်ချထားတဲ့မိုင်းဟာ ချောင်းရေကျချိန်နွံမှာနစ်နေတာကို နွားကျောင်းသွားတဲ့ ကလေးငယ် ၂ ဦးသွားယူဆော့ကစားရာကနေ ပေါက်ကွဲပြီး ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကားမိုင်းမြို့နယ် ကောင်ရာကျေးရွာမှာလည်း စစ်ကောင်စီတပ်က ပစ်ချထားတဲ့မိုင်းမပေါက်ကွဲဘဲ ကျန်ရှိနေတာတွေ အခုထိ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေမှာပါ လက်နက်ကြီးနဲ့ယမ်းသမ်းပစ်ခတ်တာတွေကြောင့် မပေါက်ကွဲဘဲကျန်နေတဲ့မိုင်းတွေဟာ အရပ်သားပြည်သူတွေအတွက် အရမ်းကိုအန္တရယ်များကြောင်း ယခင်စစ်ရှောင်စခန်းတွေမှာ မိုင်းအသိ‌ပညာပေးသင်ကြားပေးဖူးသူ တစ်ဦးက ခုလိုပြောပါတယ်။

အဓိကသိထားသင့်တာက မိုင်းဆိုတာမျိုးက ဘယ်တော့မှ သက်တမ်းမကုန်ဘူးဆိုတာကိုဘဲ ဒါပေမယ့် ခုချိန်မှာက လူနည်းနည်းစုပြီဆိုရင် စကစက လိုက်တာတွေရှိတော့ ဘယ်လိုမှအဆင်မပြေဘူးလို့ဝိုင်းမော်ဒေသခံတစ်ဦးကပြောပါတယ်။

မိုင်းအသိပညာပေးများ ပြုလုပ်နိုင်မည်ဆိုပါက အသက်အရွယ်အလိုက်ခွဲခြားကာ နားလည်အောင်သင်ပေးဖို့ လိုအပ်တဲ့အပြင် မိုင်းကြောင့်ပြည်သူတွေ ထိခိုက် သေဆုံးမူထပ်မဖြစ်စေရန် အမြန်ဆုံး မိုင်းအသိပညာသင်ကြား‌ ပေးသင့်နေပြီ‌ဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

ယခင်က မိုင်းအသိပညာပေးသင်တန်းတွေကို အစိုးရအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်ရှောင်စခန်းတွေနဲ့ နေရပ်ပြန်သူတွေကို သင်ကြားပေးခဲ့ပါတယ်။ သို့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နေရာအနှံ တိုက်ပွဲပြင်းထန်းလာတဲ့အတွက် မိုင်းနဲ့ပတ်သက်တဲ့အခြေခံသဘောတရားကို စစ်ရှောင်ပြည်သူတွေသာမက လူတိုင်းတတ်ထား၊ နားလည်ထားဖို့ လိုအပ်လာပြီလို့ စစ်ရှောင်စခန်းမှာ မိုင်းအသိပညာပေးလုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးကပြောပါတယ်။

ဒီကနေ့ အချိန်ထိလည်း ကချင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားလျှက်ရှိတဲ့ ဖားကန့်ဒေသ၊ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းအနီးတစ်ဝိုက်၊ ဧရာဝတီမြစ်ကြောင်း သင်္ဘောဆန်တက်ရာ မြစ်ကြောင်းတစ်လျှောက်နှင့် စစ်ကိုင်း၊ ကချင်နယ်စပ်ဖြစ်သည့် ကသာ၊ အင်းတော်ဒေသတွေမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေဟာ ရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေနဲ့ KIA  PDF ရှိမယ်လို့ ယူဆတဲ့ နေရာတွေကို လက်နက်ကြီး ယမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button