လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရတဲ့ ဆရာမ ၂ ဦး အမှု တရားမျှတမှုရရှိအောင် ကချင်အမျိုးသမီးအဖွဲ့ ၁၄ ဖွဲ့ ထုတ်ပြန်တောင်းဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့အချုပ် KBC ပညာရေး စေတနာ့ဝန်ထမ်း ဆရာမ ၂ဦး အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရမှုဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ဆို ၈ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် ယနေ့ချိန်ထိ တိကျတဲ့ အဖြေမရရှိသေးတဲ့အတွက် တရားမျှတရေးအတွက် ဆက်လက်ကြိုးပမ်းကြဖို့ ကချင်အမျိုးသမီးအဖွဲ့အစည်း ၁၄ ဖွဲ့က ထုတ်ပြန်ချက်ပါတယ်။

ဆရာမ ၂ ဦး အမှုနှင့်ပတ်သက်ပြီး တရားမျှတမှု မရသေးတဲ့အတွက် အားလုံးကို ပြန်လည်သတိပေးတဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးက KNG ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၈နှစ်ကတည်းဒီအမှုက ခုချိန်ထိတရားမျှတမူမရရသေးတာဖြစ်တဲ့အတွက် ရှေ့ဆက်မေ့မေ့လျော့လျော့နဲ့ သွေးအေးသွားတာမျိုးမဟုတ်ဘဲ တရားမျှတမူရရှိအောင်ဆက်လက်လုပ်ဆောင်သွားဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကချင်အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်း ၁၄ ဖွဲ့ကထုတ်ပြန်တာပါလို့ပြောပါတယ်။

ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူတွေဟာ စစ်ကောင်စီတပ်ဖြစ်ပြီး သူတို့ကိုယ်တိုင် သက်သေနှင့် အမှန်တရားအားလုံးကိုလည်း ပိတ်ပင်လိုက်တဲ့အပြင် ဒီကနေ့ထိ ကချင်တိုင်းရင်းသူတွေအပေါ် နှိပ်စက်သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို ဆက်လက်လက် ကျူးလွန်နေသေးတယ်လို့ ဆိုထားပါတယ်။

ဆရာမ ၂ ဦးရဲ့ မိသားစုတွေကတော့ အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ရက်ပတ်လည်နေ့ ရောက်တိုင်း၊ အမြဲသတိရနေတယ် လို့ ဆရာမ တန်ဘောင်ခေါန်နန်စင်ရဲ့ မိခင်ဖြစ်သူ ဒေါ်လုဘူက ခုလိုပြောပါတယ်။

ဘယ်ချိန်ဘဲရောက်ရောက်ဘယ်လောက်ဘဲကြာကြာ အချိန်ပြည့်သတိရနေတယ်။ သူတို့ ၂ယောက်ကိုကြုံတွေ့ခဲ့ရတဲ့ဟာကို ရင်နာလို့မဆုံးဘူး။ ခုလို နှစ်ပတ်လည်ပြည့်နေ့ရောက်ရင် ပိုပြီးသတိရတယ် ပိုပြီးခံစားရတယ်။ သူတို့ ၂ယောက် သတ်ဖြတ်ခံရတာ ခုဆို ၈နှစ်ရှိပေမယ့်လို့ ခုထိတရားမျှတမှုက မရရှိသေးဘူး။ ဒါပေမယ့် ဘယ်လောက်ဘဲကြာကြာ ဘယ်ချိန်ဘဲရောက်ရောက် ဒီအမှုအတွက် တရားမျှတမူမရမချင်းတော့ ကျမတို့အနေနဲ့လက်လျှော့မှာမဟုတ်ဘူးလို့ပြောပါတယ်။

ဆရာမ ၂ဦးကို အဓ္ဓမပြုကျင့်သတ်ဖြတ်လိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့အထိ ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ လွှတ်မြောက်နေမှုဟာ ဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသူအမျိုးသမီးတွေအတွက် ကြောက်ရွံ့မှုဖြစ်နေတယ်လို့ ဆိုပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ကတော့ ဆရာမ ၂ ဦး အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရတဲ့ရက်၊ နှစ်စဉ် ဇန်နဝါရီလ ၁၉ ရက်နေ့ ရောက်တိုင်းဆုတောင်းတဲ့အစီစဉ်ကို ကျင်းပခဲ့ကြပေမယ့် ဒီနှစ်မှာတော့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြဘူးလို့ သိရပါတယ်။

KBC ပညာရေးစေတနာ့ဝန်ထမ်း ဆရာမ မရန်လုရာ နှင့် ဆရာမတန်ဘောင်ခေါန်နန်စင်တို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ရှမ်းမြောက် မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါး ကျေးရွာမှာ အဓ္ဓမပြုကျင့် သတ်ဖြတ်ခံ ခဲ့ရတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button