ရွေးကောက်ပွဲဆိုင်ရာသတင်း

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံး ဖောက်ခွဲခံရမှု ဇန်နဝါရီလတစ်လအတွင်း ၅ ကြိမ် အထိရှိလာပြီလို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက်သာဖြစ်တာကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

ဒီရွေးကောက်ပွဲကလူထုဆန္ဒကိုမျက်ကွယ်ပြုပြီး တစ်စုတစ်ဖွဲ့အတွက် ရပ်တည်ထားတဲ့အတုအယောင် ရွေးကောက်ပွဲဖြစ်နေလို့ တိုက်ခိုက်နေတာ လို့ အင်းတော် တော်လှန်ရေးအင်အားစုတစ်စုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားအဖွဲ့တစ်ဖွဲ့က လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းတော် ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဘက်ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အသက် ၃နှစ်အရွယ်ကလေးငယ်နဲ့ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က လဝကရုံးတွင်း မဲစာရင်းပြုစုနေချိန် သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် မဲစာရင်းနှင့် စာရွက်စာတမ်းများ ကွန်ပျူတာများ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ အာဏာရှင်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ကလည်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ တမူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကိုလည်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ကျောင်းသာားတပ် (ABSDF) ပူးပေါင်းတပ်တို့ပူးပေါင်းကာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ကိုင်းရပ် ခရိုင်လဝကရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အာစုအဖွဲ့တစ်ဖွဲ့က ဆိုထားပါတယ်။

ဒါ့အပြင်ဇန်နဝါရီလ လဆန်းပိုင်းမှာမြောင်မြို့နယ် တောင်ရပ်ကွက်မှာရှိတဲ့ မြို့နယ် လဝကရုံးလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရုံးခွဲဖောက်ခွဲခံရမူနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ကတော့ ဇန်နဝါရီလ ၂၃ ရက်ထုတ်သတင်းစာမှာ အာဏာသိမ်းကာလအတွင်း ရွေးကောက်ပွဲကော်မရှင်ရုံးဖျက်ဆီးခံရမူ ၁၃ ကြိမ်ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းကအမျာဆုံးပါဝင်ပြီး မကွေးတိုင်းကတော့ ဒုတိယအများဆုံး ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမူရှိတယ်ဆိုပြီး ရွေးကောက်ပွဲ ရလဒ်ကိုလက်မခံဘဲ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ အရေးပေါ်ကာလသက်တမ်းကတော့ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၂ နှစ်ရှိလာပြီဖြစ်ပြီး ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဇန်နဝါရီလ လဆန်းပိုင်းကနေ စတင်ကောက်ခံနေပြီဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ကကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ တိုက်ပွဲပဋိပက္ခပြင်းထန်နေဆဲဖြစ်တဲ့ စစ်ကိုင်းဒေသကြီးအတွင်းမှာတော့ ဖြစ်နိုင်ချေနည်းတယ်လို့တော်လှန်ရေးအင်အားစုတစ်စုဖြစ်တဲ့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်က ခုလိုပြောပါတယ်။

ဒီရွေးကောက်ပွဲကမဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့လက်ရှိဆိုကျနော်တို့ စစ်ကိုင်းတိုင်းတစ်ခုလုံးမှာ သူတို့ကမြို့ပေါ်လောက်ဘဲ စိုးမိုးထားနိုင်တော့တာ ဒါတောင်မှအပြည့်အဝမဟုတ်ဘူး။ ခုဆိုရွေးကောက်ပွဲအတွက် စည်းရုံးရေးတောင်မဆင်းရဲဘူးလေဟုမြောင်ကာကွယ်ရေးတပ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Show More

Related Articles

Back to top button