သတင်း

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အ‌ရှ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ တစ်သောင်းကျော်အတွက် အရေးပေါ်အကူညီ လိုအပ်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ စစ်အင်အား ၁၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရေဦးမြို့နယ် ဆည်ကြီး၊ ဇိန့်ဇွန်းကျေးရွာမှ ဒီပဲယင်း ညောင်လှ၊ ဝဲကြီးကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ထိုကျေးရွာများတွင် တပ်စွဲနေထိုင်ကာ နေအိမ်များ မီးရှို့နေသောကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၂ ရက်နေ့ကထွက်လာတယ် ၂၃ ရက်နေ့ကရောက်တယ်။ သူတို့စရောက်ကတည်းက လက်ယက်ကုန်း၊ညောင်လှ၊ မူကတွင်းကိုရှို့တယ် ဒီမနက်မှာ မရကန်ရယ်အခုကတော့ အုန်းတပင်ရွာကိုရှို့နေပါတယ်။ စုစုပေါင်း၅ရွာရှိပါပြီ ဟု ပြောသည်။

ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံ ပြည်သူများ

စစ်ကောင်စီတပ်မှ နေအိမ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ မူးကတွင်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ သပြေသာ၊ သစ်တုံ၊ မရကန်၊ တနယ်၊ ဆင်ရောက်ကုန်း၊ ပေါက်တော၊ နဘဲလှ စသည့်ကျေးရွာများမှ ဒေသခံများသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်‌ပြီး အရေးပေါ်အကူညီ လိုအပ်နေသည်ဟု သူကဆက်ပြောသည်။

ကျေးရွာ ၁၅ ရွာလောက် တိမ်းရှောင်နေရတာပါ ၄ ရက်အတွင်း  စစ်ရှောင်က၁ သောင်းကျော်လောက်ရှိသွားပြီ။ ကျနော်တို့ ကူညီပေးနေတာက ၇၀၀၀ လောက်ရှိတယ်။ အခက်အခဲတွေက အများကြီးပါ။ နေစရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အဲ့တာတွေက အဓိကလိုအပ်နေတာပါဟု ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်အများစုသည် စစ်ကောင်စီ စစ်ကြောင်း နှင့် ဝေးသော ကျေးရွာများမှ ဘုန်းကြီးကျောင်း၊ တောတောင် နှင့် တဲတိုက် များတွင်ခိုလှုံနေကြရသည်ဟု သူက ဆက်ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလ နှစ်လအတွင်း ဒီပဲယင်းမြို့နယ်မှ ကျေးရွာ ၃၇ ရွာ နှင့် စိုင်ပြင်မြို့ရပ်ကွက်နှစ်ခုမှ နေအိမ် ၃၅၀၀ နီးပါးကို မီးရှို့ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ခမရ၃၆၄ မော်လိုက် အခြေစိုက်တပ်နှင့် ခလရ၇၀၁ ပူးပေါင်းစစ်ကြောင်းဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတစ်ခုလုံးတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမူကြောင့် နေအိမ် ၃၅၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒီပဲယင်းမြို့နယ်တစ်ခုတည်းက နေအိမ် ၄၅၀၀ ကျော်ဆုံးရှုံးခဲ့ရကာ မြန်မာနိင်ငံတစ်နိုင်ငံလုံးတွင် အများဆုံး ပထမဖြစ်သည်ဟု စစ်ရှောင်ကူညီနေသူအဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့နှင့် ဒီပဲယင်း စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့တို့၏ ဖေ့ဘုတ်ပေ့ချ်များမှတစ်ဆင့် ဆက်သွယ်လှူဒါန်း နိုင်သည်။

Show More

Related Articles

Back to top button