သတင်း

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး တိတ်ဆိတ် ငြိမ်သက်ခြင်းသပိတ် (အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမူ) ပြုလုပ်သွားမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးသပိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်းမှာ ပြည်သူတွေဟာ စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြပြီး နွေဦးတော်လှန်ရေးဟာလည်း ခုချိန်ထိ အရှိန်အဟုန်နှင့် သွားနေဆဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ (အသံတိတ် အာဏာဖီဆန်ရေး) မှာ ပြည်သူတစ်ရပ်လုံးပါဝင်ပေးဖို့ တိုက်တွန်းချက်တွေကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။

မြစ်ကြီးနားမြို့နယ် မြို့ပြပျောက်ကျားတပ်ဖွဲ့ ဝင်တစ်ဦးကမနက်ဖြန်လုပ်မယ့် Silent Strike မှာ မြစ်ကြီးနားက ပြည်သူတွေလည်း ကိုယ်စီအသိစိတ်ဓါတ်လေးတွေနဲ့ လှိုက်လှိုက်လဲလဲ ပါဝင်စေချင်တယ်။ မြစ်ကြီးနားက ပြည်သူတွေကလည်း အကြမ်းဖက်စစ်ကောင်စီကို မလိုလားကြောင်း ပြသစေချင်တယ်”ပြောတယ်။

မနက်ဖြန်ပြုလုပ်မယ့် အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီ ကနေ မွန်းလွဲပိုင်း ၃ နာရီအထိ လမ်းအပြင် လုံးဝမထွက်ဘဲ နေတဲ့ သပိတ်ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လိုအပ်မယ့် အစားအသောက်များ ကြိုတင်ပြင်ဆင်ပေးထားကြဖို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဖားကန့် တော်လှန်ရေးအင်အားစုကျနော်တို့ဘက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူတွေအားလုံးပါဝင်ပေးဖို့ ဗီနိုင်းတွေထုတ်ပြီး  အသိပေးထားတာရှိပါတယ်။ ဖားကန့်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ အပြင်မထွက်ခြင်း အသံတိတ်သပိတ် ပါဝင်ပေးဖို့နဲ့  ၂၀၂၃ မှာ ပြည်သူတွေနဲ့အတူလက်တွဲပြီးတော့ အရွှေ့တစ်ခုကို ချီတက်နိုင်မယ်လို့ ယုံကြည်ပါတယ်ပြောတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ အာဏာသိမ်းမှု တစ်နှစ်ပြည့် ပြည်လုံးကျွတ်အသံတိတ်သပိတ်နေ့မှာ စစ်ကောင်စီတပ်က စျေးဆိုင်များ မပိတ်ဖို့ ခြိမ်းခြောက်ခဲ့သည်။ ဒါကြောင့် အခုနှစ်မှာတော့ ခြိမ်းခြောက်မှု မခံရအောင် စျေးဆိုင်နှင့် စားသောက်ဆိုင်များ ဖွင့်ထားသင့်ပါက ဖွင့်နိုင်ကြောင်း နွေဦးတော်လှန်ရေးသပိတ်ပေါင်းစုက ဆိုထားပါတယ်။

မိုးကောင်းတော်လှန်ရေးအင်အားစုခုဆိုရင် တော်လှန်ရေးကာလ ၂ နှစ်ပြည့်ခဲ့ပြီ။ ၂၀၂၃ မှာအကုန်လုံးပြောင်းလဲမှု ကောင်းကောင်းကိုကြုံတွေ့ရတော့မှာ နေရာတိုင်းက တော်လှန်ရေးအင်အားစုတွေလည်း တက်ညီလက်ညီနဲ့ တော်လှန်နေကြတာမြင်ရတယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သမျှပါဝင်စေချင်တယ်ပြောတယ်။

မိုးတားလေးတိုက်နယ် တော်လှန်ရေးအင်အားစုနက်ဖြန်ဆိုရင် ပြည်သူတွေတင်မြောက်ထားတဲ့ အစိုးရကို လက်နက်ကိုင်လူတစ်စုက အတင်းအကြပ်အာဏာသိမ်းသွားတာ ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ငြိမ်းချမ်းစွာနဲ့ဆန္ဒပြနေတဲ့ပြည်သူတွေကို လက်နက်အနိုင်ကျင့်ခဲ့တာကြောင့် ကျမတို့တွေလည်း ခုလိုတောမှာခက်ခက်ခဲခဲနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းနိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ပြည်သူတစ်ရပ်လုံးကလည်း တတ်နိုင်တဲ့ဘက်ကနေပါဝင်ပေးကြဖို့တောင်းဆိုချင်ပါတယ်ပြောတယ်။

ရွှေကူတော်လှန်ရေးအင်အားစုကျနော်တို့ဆီမှာက လက်ကမ်းစာစောင်တွေနဲ့ အသိပေးထားတာတော့မရှိဘူး ဒါပေမယ့်ပြည်သူတစ်ရပ်လုံးကတော့ စစ်အာဏာရှင်ကို တော်လှန်နေတာဖြစ်တဲ့အတွက် သူတို့ကို ဆန့်ကျင်တဲ့အနေနဲ့ နက်ဖြန်တစ်ရက်လေးတော့ အပြင်မထွက်ဘဲနေပေးကြဖို့တောင်းဆိုချင်ပါတယ်ပြောတယ်။

စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ Telegram Channel နှင့် Facebook စာမျက်နှာမှာတော့ အသံတိတ်သပိတ် ပါဝင်ပါက ဖမ်းဆီအရေးယူခံရနိုင်ကြောင်းနှင့် ပါဝင်ပတ်သက်သူများရှိပါက သတင်းပေးကြရန် ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Show More

Related Articles

Back to top button