သတင်း

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ရသည်ဟု Black Wolf Army PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် အင်အား၂၀ ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့နှင့် ဘန့်ဘွဲ့ကျေးရွာအနီးတွင် နာရီဝက်ကြာထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု Black Wolf Army PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မစ်ရှင်သွားရင်းထိပ်တိုက်တွေ့တာပါ အင်အားက ၂၀လောက်ရှိပါတယ် နာရီဝက်လောက်ထိတွေ့မူဖြစ်တယ် ကျဆုံးခဲ့တဲ့ရဲဘော်တွေက လက်နက်ကြီးထိမှန်တာပါ ၂ယောက်ကနေရာမှာပဲကျဆုံးတာ ရဲဘော်ခန့်သီဟကတော့ ဆေးခန်းရောက်မှကျဆုံးတာပါဟု Black Wolf Army PDFမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ကျဆုံးခဲ့သည့် ရဲဘော်များမှာ အသက် ၃၀ နှစ် တပ်စုမှူးရဲဘော်ပိုင်ကြီး၊ အသက်၂၇ နှစ် ရဲဘော်ဝင်းစိုးနှင့် အသက် ၁၈ နှစ် အရွယ်သာ ရှိသေးသည် ရဲဘော်ခန့်သီဟ(Fundrising and Photographer)တို့ဖြစ်ပြီး ယနေ့ နံနက် ၈ နာရီတွင် မီးသဂြိုလ်ခဲ့သည်ဟု သူကဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်လည်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ဝေဟင်က တိုက်ခိုက်မူကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ပြီး ထိုအထဲတွင် Black Wolf Army PDF မှ ရဲဘော်ကိုလှိုင်ဝင်းလည်းကျဆုံးခဲ့သည်။

Show More

Related Articles

Back to top button