လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မှော်စီစာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများ အမျိုးသမီးတစ်ဦးကိုပစ်သတ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာ ကျေးရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများမှ အမျိုးသမီးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် မှော်စီဆာတာဝါကုန်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများသည် ညဈေးတန်းမှ မှော်စီစာရပ်ကွက်ရှိနေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာသည့် အမျိုးသမီးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

”အမျိုးသမီးသုံးယောက်က ဆိုင်ကယ်တစ်စီးနဲ့ ညစျေးတန်းဖက်ကနေ နေအိမ်ကိုပြန်လာတာ ည ၁၁ နာရီအချိန်ပေါ့။ အဲ့တာကို ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက သေနတ်အဒေါင့်လိုက်ဆွဲပြီး ရမ်းပစ်တာ အမျိုးသမီးတစ်ယောက်တင်ပါးကနေကျည်ဖောက်ဝင်ပြီး သေသွားတယ်လို့ သိရတယ်။ ကျန်တဲ့ ၂ ယောက်တော့မထိဘူး ဆိုင်ကယ်လှဲလို့ ပွန်းတာလောက်ဘဲ ရှိတယ် ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ မှော်စီစာအမှတ် ၄ ရက်ကွက်နေ မခန်းမိုင် အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ရုပ်အလောင်းကို ယနေ့သဂြိုလ်လိုက်ကြောင်းသိရသည်။

”ဟုတ်တယ်ဗျ အမျိုးသမီးတစ်ယောက်ကိုပစ်သတ်လိုက်တာ။ ဒီကောင်တွေကလေးတွေက သူတို့ကင်းပုန်းဝပ်နေတာမသိဘူးလေ သူတို့နဲ့ သွားဆုံတော့ပြေးတာလို့သိရတယ်။ အဲ့မှာပစ်လိုက်တာ ဒီနေ့မနက်ပိုင်းတော့ခနတဖြုတ်မှော်စီဆာထဲမှာစစ်နေတယ် ခုတော့ငြိမ်သွားပြီ”ဟု အခြားဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့တွင်လည်း ဖားကန့်မြို့ ကလပ်ကုန်းရပ်ကွက်နေထိုင်သူ ကိုမရန်ဆိုင်းဂူနဲ့အခြားအမျိူးသားတစ်ဦးတို့ကို ည ၁၀ နာရီခန့်အချိန်တွင် ဆိုင်ကယ်စီနင်လာသည်ကိုတွေ့သဖြင့်စစ်ကောင်စီကပစ်သတ်ခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အပါအဝင် မြို့နယ်တစ်ချို့တွင် စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၁၃ ရက်နေ့မှစကာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး လုံခြုံရေး ပိုမိုတင်းကြပ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button