သတင်း

ပြည်တွင်း ပြည်ပတင်ပို့မှုနှင့် ကုန်သည်ကြီးများ ဆန်ဝယ်လှောင်လိုက်သဖြင့် ဆန်စျေးနှုန်းမြင့်တက်လာဟုဆို

ကချင်ပြည်နယ်အတွင်း ထွက်ရှိသည့်ဆန်များကို ပြည်တွင်းအခြားနေရာများနှင့် တရုတ်ဘက်သို့တင်ပို့မှု များပြားလာခြင်းနှင့် ကုန်သည်ကြီးများ ဆန်လှောင်လိုက်သဖြင့် ဆန်စျေးနှုန်း အဆမတန်မြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

လက်ရှိ ကချင်ပြည်နယ်ဒေသထွက်ဆန်များကို မြန်မာနိုင်ငံအောက်ပိုင်း နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်ဘက်သို့ အဓိကတင်ပို့နေသည့်အပြင် ကုန်သည်ကြီးများကလည်း ဆန်လှောင်လိုက်သဖြင့် ကချင်ပြည်နယ်အတွင်း ဆန်စျေးများ ယခင်ကထက် ပိုမိုမြင့်တက်လာသည်ဟု မြစ်ကြီးနား ဆန်ကုန်သည်တစ်ဦးက KNG ကို ပြောသည်။

အရင်ကဆိုရင် စစ်ကိုင်းတိုင်း ရွှေဘိုက ဆန်စပါးတွေယူကြတာပေါ့။ အခုက နိုင်ငံရေးအခြေအနေ တွေကြောင့် အဲ့ဘက်က စပါးတွေသိပ်မစိုက်ကြတော့ဘူးလေ၊ အဓိကတော့ ကုန်သည်ကြီးတွေပေါ့ သူတို့က အကုန်ဝယ်ယူပြီး လှောင်လိုက်တော့ အစိုးရတွေက ဆန်ဈေးတွေကို ထိန်းချုပ်လို့ မရတော့ဘူးလေဟု KNG ကို ပြောသည်။

တရုတ်ပြည်ဘက်သို့ ဆန်များကို မြစ်ကြီးနားဗန်းမော်လမ်းမှတင်ပို့ပြီး ကန်ပိုင်တီဘက်မှလည်း အဓိကတင်ပို့နေကြောင်း ၎င်းက ဆက်ပြောသည်။

ဆန်ဈေးမြင့်တက်လာသည်မှာ ပြည်ပသို့ တင်ပို့ခြင်းကြောင့်သာ မဟုတ်ဘဲ နိုင်ငံရေးအခြေအနေနှင့် ကုန်သည်ကြီးများ၏ ကုန်ဈေးနှုန်းကစားမှုများကြောင့်လည်း ဖြစ်သည်ဟု အထက်ပါ ဆန်ကုန်သည်မှ KNG ကို ယခုလို ဆက်ပြောသည်။

နိုင်ငံရေးအခြေအနေကြောင့် ဒေါ်လာဈေးတွေ၊ ကုန်ဈေးနှုန်းတွေ အကုန်တက်တော့ တောင်သူလယ်သမား တွေကလည်း သူတို့ကိုက်မဲ့ ဈေးနဲ့ရောင်းတာပေါ့၊ သူတို့ရောင်းပြီး ကုန်သည်တွေဆီရောက်တော့ ဆန်ဈေးနှုန်းတွေက ကုန်သည်လက်ထဲမှာလေ၊ ကုန်သည်တွေသာ ဈေးထိန်းပြီးရောင်းနိုင်ရင် ယခုဈေးထက်မပို မလျောဘဲ အဆင်ပြေနိုင်တာပေါ့ဟုပြောသည်။  

ယခု ဖေဖော်ဝါရီ လဆန်းမှစတင်ကာ နှစ်ပတ်အတွင်း စပါးတစ်တင်းလျှင် တစ်သောင်းခွဲ၊ ရိုးရိုးဆန်တစ်အိတ် ခြောက်သောင်း၊ ငွေတိုးခြောက်သောင်းခွဲ၊ ချင်းရှယ်ခြောက်သောင်းခွဲ၊ မော်ဘီခြောက်သောင်း၊ လုံးသွယ်မွေးခုနှစ်သောင်း ပေါ်ဆန်းမွေးရှစ်သောင်းခွဲ၊ ဆန်မာတစ်အိတ် ခုနှစ်သောင်းဝန်းကျင် စသဖြင့် ဆန်ဈေးများ တစ်သောင်းခွဲအထိ မြှင့်တက်လာကြောင်း ၎င်းက ဆက်ပြောသည်။

ယခင်နှစ်တွင် ရွှေဘို၊ ချင်းတုံး၊ ဆန်အသန့်များသည် တစ်အိတ်လျှင် လေးသောင်းအထက် မျှသာရှိပြီး   ယခုနှစ်တွင်မူ ဆန်တစ်အိတ်လျှင် တစ်သောင်းကျော်မှ နှစ်သောင်းအထိစျေးတက်လာပြီး ဆန်ဈေးနှုန်း အမြင့်ဆုံးနှင့် အနှိမ့်ဆုံး ပျှမ်းမျှမှာ ခြောက်သောင်း၊ ခြောက်သောင်းခွဲ ဖြစ်ကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button