တိုက်ပွဲသတင်း

စစ်တပ်သတင်းပေးနှင့် ဒုတပ်ရင်းမှူးအဖွဲ့ကို KIA ဖမ်းဆီးလိုက်ပြီးနောက်တပြိုင်နက် စစ်ကောင်စီတပ်မှ ဆဒုံးမြို့အတွင်း မာရှယ်လော ထုတ်ပြန်

ကချင်ပြည်နယ် ဆဒုံးမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ စစ်တပ်သတင်းပေးတစ်ဦးကို KIA တပ်ရင်း ၃ မှ ဖမ်းဆီးလိုက်ပြီးနောက် ည ၉ နာရီနောက်ပိုင်းအပြင်မထွက်ရ မာရှယ်လောထုတ်ပြန်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။

ဆဒုံးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးလုပ်ကိုင်‌နေသည့်သူအား ဖမ်းဆီးရမိပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက် နံနက်အစောပိုင်းတွင် ရွှေမော်လုပ်ကွက်ကြည့်ရန် အိမ်စီးကားဖြင့်ထွက်လာသည့် ခလရ ၃၈၉ ဒုတပ်ရင်းမှူးနှင့်အတူ အဖွဲ့သားများကိုလည်း ဆဒုံးရေတံခွန်နဲ့ ဘွမ်တောင်ရွာကြား လမ်းတစ်နေရာတွင် KIA မှ ထပ်မံဖမ်းဆီးလိုက်ကြောင်း KIA တပ်ရင်း ၃ အရာရှိတစ်ဦးက ယခုလို ပြောသည်။

“ဖြစ်စဉ်က ၁၂ ရက်နေ့ သူတို့သတင်းပေး ထောက်ပို့တစ်ဦးပေါ့ ပြည်သူပဲ၊ သူ့ကို ကျနော်တို့ဘက်က စုံစမ်းဖမ်းဆီးထား လိုက်တာကနေ စလာတာ။ ဆိုတော့ အဲ့ညမှာပဲ သူတို့က စစ်အင်အားတွေနဲ့လှုပ်ရှားပြီး မြို့တွင်းလုံခြုံရေးတွေယူပြီး ပြည်သူတွေကို ၉ နာရီ နောက်ပိုင်းမထွက်ရဆိုပြီး မာရှယ်လော ထုတ်လိုက်တယ်။ တပြိုင်နက် မနေ့က မနက်က ဒုတပ်ရင်းမှူးနဲ့ သူ့အဖွဲ့ကို ရေတံခွန်အထက်မှာ ပြန်တားဆီး ဖမ်းထားလိုက်တယ်။ အခု မနေ့ညအထိ မြို့တွင်းသူတို့ လုံခြုံရေးတွေ တော်တော် တင်းကြပ်ထားတယ်။” ဟု အမည်မဖော်လိုသူ KIA တပ်ရင်း ၃ အရာရှိတစ်ဦး KNG ကို ပြောသည်။

စစ်တပ် ဒုတပ်ရင်းမှူးအဖွဲ့ ဖမ်းဆီးခံရပြီးနောက် ထိုနေရာတဝိုက်သို့ ယမန်နေ့ နေ့လည်ပိုင်း၌ပင် စစ်ကောင်စီစစ်ကြောင်း ဆက်လက်ချီတက်လှုပ်ရှားလာရာ KIA မှကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။

ယခုချိန် စစ်ကောင်စီမှ ဆဒုံးဗျူဟာကုန်းပတ်ဝန်းကျင်နဲ့ မြို့တွင်း နေ့၊ ည မပြတ်ဆက်တိုက် လုံခြုံရေးများ တင်းကြပ်ထားကြောင်း ၉ နာရီနောက်ပိုင်းထွက်သည့်သူအား ပစ်သတ်ရန် ဆဒုံးမြို့နယ်ဗျူဟာမှူး တင်အောင်ကျော်မှ ပြောဆိုထားကြောင်း သိရသည်။

KIA မှ ဖမ်းဆီးထားသည့် စစ်တပ်ဒုတပ်ရင်းမှူးနာမည်နှင့် ဖမ်းဆီးခံအဖွဲ့သားအရေအတွက်အား စုံစမ်းနေဆဲဖြစ်သည်။

ဆဒုံး-ကန်ပိုင်တီလမ်း အင်ဝမ်းကောင်နှင့် ဘွမ်တောင်ရွာတလျှောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ ၅ တပ်ရင်း ၃တပ်ဖွဲ့ တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA မှ ဆဒုံးရေတံခွန်အနီးပတ်ဝန်ကျင်တွင် နေရာယူထားနိုင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button