စစ်ပြေးဒုက္ခသည်များသတင်း

ရွှေဘိုနယ်တွင် ၅ ရက်အတွင်း ကျေးရွာ ၆ ခုမီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ယနေ့အထိ ၅ ရက်ခန့်အကြာ ကျေးရွာနေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၄ ခုမှ ဒေသခံပြည်သူ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု  ဒေသသတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၇၀ ဝန်းကျင်က သီးလုံးကျေးရွာတွင် တပ်ချနေထိုင်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ရွှေဘိုမြို့နယ်၏ အနောက်ဘက်ခြမ်းရှိသော ကျေးရွာများကို ရွာစဉ်အလိုက် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း  People’s Defense Comrade မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်သားတွေက သီးလုံးမှာ ရက်အကြာကြီး အထိုင်ချနေတာဟုတ်တယ်။ သူတို့က ၁၂ ရက်နေ့ကနေ ရွာတိုင်းလိုလို ပတ်ရှို့နေတာ။ အခုရှို့ခံရတဲ့ ရွာက အတည်ပြုထားတာ ၆ ရွာလောက်ရှိပြီ။ ဒီမနက်အထိ ဆက်ရှို့နေကြတုန်း။ နေအိမ်ဆုံးရှုံးမှုက ခန်းမှန်လောက်ပဲသိရတယ် အားလုံး ၆၀၀ ထက်တော့မနည်းဘူး။ ဘာလို့လဲဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ပြောဆိုချက်အရပါ။ သူတို့က ရွာလုံးကျွတ်နီးပါးရှို့တယ်လို့တော့ပြောတယ်ဟုပြောသည်။

လက်ရှိတွင် ကျောက်မြင့်၊ တင့်တယ်၊ ငါးဆူကုန်း၊ မဲတော၊ ပန်းလှိုင်၊ မုန့်စီ စသည့်ကျေးရွာ ၆ ခုက  မီးရှို့ဖျက်ဆီးခံရပြီး ကျန်ကပ်ယက်ရှိသော ကျေးရွာ ၈ ခုသည်လည်း မီးရှို့ဖျက်ဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ဒေသခံပြည်သူများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်းနေကြကြောင်း သိရသည်။

ဒေသခံပြည်သူတွေက  အခုမီးရှို့ခံရတဲ့ကျေးရွာ၆‌ရွာကိုမှ ရွာချင်းကပ်လျက်ကရွာတွေလည်းရှောင်ရတာ။ ကျေးရွာစုစုပေါင်း ၁၄ ရွာလောက်ကနေ ဒေသခံ၅၀၀၀လောက်တိမ်းရှောင်နေရပါတယ်။ ဘေးလွှတ်ရာရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နောက်လယ်ကွင်းတွေမှာပဲ တိမ်းရပါတယ်ဟုပြောသည်။

အဆိုပါ ကျေးရွာများအနက် ပန်းလှိုင်ကျေးရွာထဲတွင် စစ်ကောင်စီအဖွဲ့က တပ်စွဲထားပြီး လက်ရှိ ချိန်အထိ ကျေးရွာများ မီးရှို့ဖျက်ဆီးနေဆဲဖြစ်သည်ဟု ဒေသခံများပြောသည်။

စစ်ကောင်စီ စစ်ကြောင်းအတွင်း ပျူစောထီးအင်အား ၃၀ ခန့်ပါရှိပြီး ထိုအဖွဲ့သည် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ အနီးတဝိုက်ရှိ ပလိုင်းနှင့်ရွာသာ ပျူအဖွဲ့ဖြစ်သည်ဟုသိရသည်။

Show More

Related Articles

Back to top button