Fact Checkသတင်း

ကချင်နာမည် နှင့် သတင်းဌာနယောင်ဆောင်ကာ သတင်းအမှားဖြန့်ဝေနေသော ဖေ့စ်ဘုတ် အကောင့်နှင့် စာမျက်နှာများ

‘ကချင်’ သို့မဟုတ် ကချင်ပြည်နယ်၏ အထင်ကရ နာမည် အသုံးပြုခြင်း နှင့် သတင်းဌာန ယောင်ဆောင်ကာ သတင်းအမှားများနှင့် ဝါဒဖြန့် အကြောင်းအရာများကို ဖြန့်ဝေနေသော ဖေ့စ်ဘုတ်အကောင့်နှင့် စာမျက်နှာများကို ယခုနောက်ပိုင်း ပိုမို တွေ့လာရသည်။

အဆိုပါ ဖေ့စ်ဘုတ် အကောင့်နှင့် စာမျက်နှာများသည် ‘Kachin Daily News’ ‘Kachin Pyi Thar’ ‘Shwe Myit Sone’ ‘Shwe Kachin’ ‘Shwe Kachin Lay’ ‘Manaw Myay’ တို့ဖြစ်ကြပြီး ၎င်းတို့၏ တူညီသောအချက်မှာ စစ်ကောင်စီကို ထောက်ခံသူများဖြစ်ပြီး အချင်းချင်း ချိတ်ဆက်မှုရှိနေသည်ကိုလည်း တွေ့ရသည်။

‘Kachin Daily News’ ဆိုသော ဖေ့စ်ဘုတ် အကောင့်သည် Followers ၈၆၅ ယောက်ရှိပြီး သတင်းစာမျက်နှာ ယောင်ဆောင်ထားသည်။ ၄င်း၏ ပိုစ့်များကို ပြန်လည်မျှဝေသူ ပုံမှန်အားဖြင့် ပျမ်းမျှ ၃၀ ဦး အထက်ရှိသည်ကို တွေ့ရသည်။ ထို့အပြင် ‘Kachin Daily News’ အမည်ဖြင့် subscriber ၃ သောင်းကျော်ရှိသော တယ်လီဂရန်ချန်နယ် (Telegram) တွင်လည် စစ်တပ်ထောက်ခံသော ဝါဒဖြန့် သတင်းအမှားများကို ပုံမှန်ဖြန့်ဝေနေသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်ရင်း (၉) ဌာနချုပ်ကို စစ်ကောင်စီမှ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် သိမ်းပိုက်လိုက်နိုင်ခဲ့သည် ဆိုသော သတင်းအမှားတစ်ပုဒ်ကိုလည်း ‘Kachin Daily News’ ဖေ့စ်ဘုတ်အကောင့် နှင့် တယ်လီဂရန်ချန်နယ်တွင် ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။

ထို့အပြင် ‘Kachin Pyi Thar’ ‘Shwe Myit Sone’ ‘Shwe Kachin’ ‘Shwe Kachin Lay’ ဖေ့စ်ဘုတ်အကောင့်များတွင် ဖြန့်ဝေထားသော အချက်အလက်များကို စစ်ဆေးကြည့်ရာတွင် စစ်တပ်ကိုထောက်ခံသော ဝါဒဖြန့်သတင်းအမှားများ ဖြစ်နေသည်ကို သိရသည်။

‘KIA တပ်ရင်း (၉) ဌာနချုပ်ကို စစ်ကောင်စီမှ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဆိုသော ဝါဒဖြန့်သတင်းအမှားများကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ရက်စွဲဖြင့် အထက်ပါ အကောင့်များတွင် တပြိုင်နက်တည်း ဖြန့်ဝေထားသည်ကို တွေ့ရသည်။

နောက်ထပ် သတင်းအမှားဖြန့်ဝေသော အကောင့်မှာ ‘Manaw Myay’ ဖြစ်သည်။ အဆိုပါ အကောင့်သည် ကချင်ပြည်နယ်အခြေစိုက် တာဝန်ခံမှုရှိသော သတင်းမီဒီယာများတွင် အလုပ်လုပ်နေသကဲ့သို့ ယောင်ဆောင်ကာ ‘Work At’ တွင် ‘Kachinwaves’ ‘Myitkyina News Journal’ ‘Kachin News Group’ သတင်းဌာနများကို ရေးသားထားသည်။

‘Kachin Daily News ၊ Ko Thet ၊ မှိုင်းဝေ၊ Kyaw Swar ၊ Banyunt အစရှိသည့် ချန်နယ် နှင့် အကောင့်များသည် သတင်းအမှား အကြောင်းအရာများကို ချိတ်ဆက်ကာ ဖြန့်ဝေနေသည်ကို တွေ့ရသည်။

ကချင်ဒေသနှင့် ဆက်စပ်သော သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသော စစ်တပ်လော်ဘီအကောင့်များအကြောင်း Kachin News Group မှ ပုံမှန် ရေးသားဖော်ပြနေသောကြောင့် စာဖတ်ပရိသတ်များအနေဖြင့် သတင်းဖတ်ရှုရာတွင် ဒေသခံမီဒီယာများ၏ ဖော်ပြချက်နှင့် စစ်ဆေးမှသာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button