သတင်း

ရွှေကူ ကျောက်တလုံးကျေးရွာ ဒေသခံအမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားပြီး လူနေအိမ် ၃၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်တလုံးကျေးရွာ ဒေသခံအမျိုးသမီးငယ် ၄ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့်အပြင် နေအိမ် ၃၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများ ပြောသည်။

စစ်အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် မတ်လ ၄ နေ့မှစတင်ကာ ကျောက်တလုံး ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ဒေသခံ ၂၀ ဦးကို ဖမ်းဆီးခဲ့သည်။ သို့သော် တစ်ရက်ကြာပြီးနောက် မတ်လ ၅ ရက်နေ့တွင် အမျိုးသား ၁၆ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အမျိုးသမီး ၄ ဦးကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ရွာသားတွေက မနေ့ မနက်တုန်းကဖမ်းခံရတာ ဖမ်းပြီးဘုန်းကြီးကျောင်းထဲမှာ ထိုင်ခိုင်းထားတာ ဒီနေ့မနက်တော့ အားလုံးပြန်လွတ်လာပြီ။ ဒါပေမယ့် မိန်းခလေး လေးယောက်ကိုတော့ ဖမ်းထားတုန်းတဲ့။ ဘာကြောင့် မလွတ်ပေးသေးတာလည်းတော့ အတိအကျ မသိရဘူးဘူးဟု” ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လူနေအိမ် ၃၀ နီးပါးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကျောက်တလုံးကျေးရွာ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ရွာကိုမီးမရှို့ခင်ရှေ့ရက်က ကျောက်တလုံးနားမှာ တိုက်ပွဲဖြစ်တယ်။ သူတို့စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွာကိုဝင်ပြီးမီးရှို့တော့တာ။ အရင်အုပ်ချုပ်ရေးမှူးဟောင်းဖိုးရှူနဲ့ ဒေါ်ကြင်ရွှေ အဲ့ နှစ်အိမ်ကနေစရှို့တာတဲ့ အဲ့ကနေတ ဆင့်မီးကူးပြီးလောင်သွားတာ KIA  PDF တွေနဲ့ အချိတ်အဆက်ရှိလို့ဆိုပြီး ရှို့တာလို့သိရတယ်ဟုပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်း နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့အကြား မတ်လ ၃ ရက်နေ့ ကျောက်ကြီးကျေးရွာနှင့် သာယာကုန်း ကျေးရွာကြား တိုက်ပွဲဖြစ်ပွားရာမှ ကျောက်တလုံးကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်တလုံးကျေးရွာသည် အိမ်ခြေ ၁၈၀ လူဦးရေ ၁၀၀၀ နီးပါးရှိပြီး ရွာသားများလည်း ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ရွာသားတွေကတော့ကျောက်တလုံးမှာမရှိတော့ဘူး။ အကုန်လုံးတိမ်းရှောင်နေကြတယ်။ အခင်းတဲ လယ်တဲတွေမှာပေါ့ ကိုယ့်တွက်လုံခြုံတယ်ဆိုတဲ့နေရာတွေမှာ တိမ်းရှောင်နေကြတယ်ဟုရွှေကူမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ မတ်လ ၅ ရက်နေ့တွင် ရွှေကူ ရဲစခန်းနှင့် စစ်တပ်စခန်း နေရာသုံး နေရာမှ ဧရာဝတီမြစ် တစ်ဖက်ကမ်းသို့ လက်နက်ကြီး ၁၅ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ရေလှဲကျေးရွာမှ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၃ နာရီ အချိန်ကလည်း ရွှေကူမြို့ တစ်ဖက်ကမ်း ငပေါက်ဝ ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းလျောက် လက်လုပ်လက်စားရွှေတူးနေသည့် နေရာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ရွှေကူနယ်တစ်ဝိုက် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များသည် တပ်မ ၈၈ အောက် ခလရ ၇၈ နှင့် ခလရ ၁၀ တို့ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button