သတင်း

ယင်းမာပင်တွင် ဒေသခံပြည်သူတစ်ဦး အကြောင်းမဲ့ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ပေကုန်းကျေးရွာတွင် ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၆ ရက်နေ့ ၄ နာရီဝန်းကျင်အချိန် အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။

သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသားသည် ပေကုန်းရွာသို့ အလည်လာသည့် ကျေးစာကျေးရွာမှ လူငယ်တစ်ဦးအား ရွာထိပ်သို့သွားပို့ပြီးအပြန်လမ်းတစ်နေရာတွင် စစ်ကောင်စီ စစ်ကြောင်း နှင့် ဝင်ရောက်တိုးမိသဖြင့် သတ်ဖြတ်ခံလိုက်ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

“သူက ပေကုန်းက သူ့သူငယ်ချင်းကို ကျေးစာကျေးရွာကိုသွားပို့တာ ရွာသားတွေကတော့ စစ်ကြောင်းလာပြီ ပြန်မပို့ဖို့ ပြောပေမယ့် သူတို့ကို ဘာမလုပ်ရင် ဘာမဖြစ်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့သွားပို့တာဟုတ်တယ်။ အပြန် ရွာအပြင်ဘက်ကတဲ့မှာ ပစ်သတ်ခံခဲ့ရတာပဲ။ အလောင်းကို တရွတ်တိုက်ဆွဲပြီး အမှိုက်တွေဖုံးပြီးထာတဲ့တာ တရွတ်တိုက်ဆွဲထားတဲ့အရောတွေနဲ့ သွေးကိုတွေ့လို့ သတ်ဖြတ်ထားတာသိရတယ်”ဟုပြောသည်။

စစ်ကောင်စီတပ် သတ်ဖြတ်သွားသည့် အမျိုးသားသည် အသက် ၃၅ နှစ်အရွယ်ရှိ ကိုဉာဏ်ဝင်းဆိုသူ ဖြစ်ကြောင်းသိရသည်။

အဆိုပါ စစ်ကြောင်းသည် အောင်ချမ်းသာကျေးရွာမှ ထွက်ခွာလာသော စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာ ဘိန်းနွယ်ချောင်းကျေးရွာအတွင်းတပ်စွဲထားကာ လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများကို ကြိုတင်တိမ်းရှောင်ရန် ဒေသကာကွယ်ရေးတပ်မှ ကြိုတင်သတိပေးထားသည်ဟုသိရသည်။

“ဒီစစ်ကြောင်းက ရွာတွေကိုထပ်ဝင်ပြီး မီးရှို့လာနိုင်တယ်။ ပြီးတော့ ချင်းတွင်းမြစ်ကြောင်း ကနေ လက်နက်ခဲယမ်းဖြည့်တင်းနေတဲ့အတွက် ပြည်သူတွေအနေနဲ့ တောထဲတွေမှာပဲမရှောင်ကြဖို့ အခြားဝေးတဲ့နေရာဘက်ကို ရှောင်ကြဖို့ပြောဆိုထားတယ်”ဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ ၃ရက်နေ့တွင်လည်း မြောက်နုံးကျေးရွာ ဝင်ရောက်စီးနင်းခံရပြီး စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ရကာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးကိုလည်း အုပ်စုဖွဲ့ အဓမ္မပြုကျင်သွားခဲ့သည်ဟု သတင်းအရင်းအမြစ်များကပြောသည်။

လက်ရှိ ယင်းမာပင်နယ်တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စစ်အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ကျေးရွာတစ်ချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ ရှိနေကြောင်း ဒေသခံပြည်သူများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button