သတင်း

မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ပစ္စည်းများကို ဖမ်းဆီးမီးရှို့ခြင်းသည် TNLA နှင့် ဆက်ဆံရေး ထိခိုက်စေခြင်းမရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ ပြောဆို

ရှမ်းမြောက် မူဆယ်-နမ့်ခမ်းကြား ကားလမ်းမတနေရာတွင် မူးယစ်ဆေးချက်လုပ်ရာ၌အသုံးပြုသည့် ဓာတုဆေးများ တင်ဆောင်လာသောကားကို KIA ဖမ်းဆီး မီးရှို့ခဲ့ခြင်းသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်ခြင်းသာဖြစ်ပြီး TNLA နှင့် KIA တပ်ဖွဲ့တို့ကြား ဆက်ဆံရေးကိုဖျက်ဆီးစေခြင်း မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ည ၉ နာရီအချိန်ခန့် ဂျေလန်ကျေးရွာမှ ဇိုင်းမောတောင် ( Zaimaw Bum) ဘက်သို့ ဦးတည်ကာ မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသော ဓာတုဆေးတစ်မျိုးသယ်ဆောင်လာသည့် ကား ၃ စီးအနက် ၁ စီးကို နမ့်ခမ်းအနီး လမ်းပိုင်းတနေရာ၌ KIA တပ်ရင်း ၉ အဖွဲ့မှ ဖမ်းဆီးခဲ့သည်။

“KIA တပ်ရင်း ၉ ကဖမ်းမိတယ်။ ကား ၃ စီးထဲက ၂ စီးက လွတ်သွားတယ်။ အဲ့လွတ်သွားတဲ့ ၂ စီးက တအောင်း TNLA တပ်ဖွဲ့ရှိရာ ဆင်လီတောင်ဘက်ကို ဝင်သွားတယ်ပြောတယ်။ ပြီးတော့ TNLA တပ်သားတွေဘက်ကလည်း ဖမ်းမိတဲ့ ၁ စီးကို လွတ်ပေးဖို့ လာပြောတာတွေ ရှိတာကြောင့် ဒီပစ္စည်းက TNLA ရဲ့ပစ္စည်းဖြစ်ကြောင်း သက်သေတော့ရှိတာပေါ့။ ကျနော်တို့ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကြောင့် အဖွဲ့ ၂ ခုကြား ဆက်ဆံရေးကို အဲ့လိုမျိုး ထိခိုက်စေတာမျိုးတော့ မရှိပါဘူး။ တပ်ဖွဲ့ ၂ ခုကြားရဲ့ ပေါ်လစီပေါ် လာထိ စေတာမျိုးမရှိပါဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူ က KNG ကို ပြောသည်။

ကား ၃ စီးအနက် ၂ စီးသည် TNLA ထိန်းချုပ်ရာနယ်မြေသို့ ဝင်ရောက်သွားပြီးနောက် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့က မီးရှို ဖျက်ဆီးလိုက်သည်။ ထို့နောက် မတ်လ ၄ ရက်နေ့တွင် ကားကို TNLA ထံ ပြန်ပေးလိုက်သည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အကြောင်းစုံသိရှိနိုင်ရန် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရဲဆိုခွင့်ရှိသောအဖွဲ့ကို KNG မှ ဆက်သွယ်မေးမြန်းရာတွင် “အဲ့ဒီ မူးယစ်ဆေးဝါးအတွက် အဲ့တာတွေက တို့ဘက်က မဟုတ်ဘူးပေါ့နော် ပြန်စုံစမ်းကြည့်လိုက်တဲ့အခါ အဲဒါမျိုးတွေ မရှိပါဘူး။” ဟု ဖြေကြားခဲ့သည်။

မူဆယ်၊ နမ်ခမ်း၊ ကွတ်ခိုင်၊ နမ်ဖတ်ကာ ဒေသတလျှောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ဒေသခံ တိုင်းရင်းသားပေါင်းစုံ စုပေါင်းလျက် ၂၀၁၄ ခုနှစ်မှ စတင်ပြီး လုပ်ဆောင်ခဲ့ကြသည်။

ထို့အပြင် TNLA တပ်ဖွဲ့ဘက်မှလည်း ဒေသအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများကို ဖမ်းဆီး အရေးယူမှုများဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပုံမှန်လုပ်ဆောင်နေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော်လည်း TNLA တပ်မဟာ ၁ ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုများရှိနေဆဲဖြစ်သည်ဟု ဒေသခံပြည်သူများက ပြောဆိုနေကြသည်။

“ဒီ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် ၊ နမ်ဖတ်ကာ တလျှောက် တအောင်း TNLA ဘက်မှ ပုံမှန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး အရေးယူတာတွေရှိတယ်။ ဒီလိုမျိုးလုပ်ရာမှာ သဘောမကျတာတစ်ခုက ဖမ်းဆီးပြီး ငွေကြေးဘယ်လောက် ဘယ်လောက်နဲ့ ဆိုပြီး ပြန်ရွေးခိုင်းတာတို့ မူးယစ်ဆေး ၁ ခု ၂ ခုပါရင် ငွေသိန်း ၄၀၊ ၅၀ စသဖြင့် ပြန်တောင်းလျက်ရှိတယ်။ အခုက ကိုယ်တိုင် မူးယစ်ဆေးလုပ်နေတာလည်း လုံး၀မလုပ်သင့်တဲ့အရာ၊ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို အရမ်းကျဆင်းစေတဲ့လုပ်ရပ်ဖြစ်တယ်။ ဒီလိုလုပ်ရပ်ကြောင့် ပြည်သူရဲ့ ထောက်ခံမှုလည်း ကျဆင်းလာမှာဖြစ်တယ်။” ဟုဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင် ဒေသတလျှောက် ဒေသခံ တိုင်းရင်းသားပြည်သူလူထုနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ပုံမှန်လုပ်ဆောင်လျက်ရှိနေသည်ဟုလည်း သိရသည်။

Show More

Related Articles

Back to top button