သတင်း

ဖားကန့်ဒေသ အမျိုးသမီး နှင့် လူငယ်များ ကွန်ပျူတာလေ့လာသင်ယူနိုင်မည့် အလုပ်ရုံစင်တာ ဖွင့်လှစ်

ဖားကန့်မြို့ မှော်စီဆာကျေးရွာတွင် ဒေသတွင်း အမျိုးသမီများ နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် လေ့လာသင်ယူနိုင်သည့် ကွန်ပျူတာစင်တာ (Computer Learning Center) တစ်ခု ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဖားကန့် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Wunpawng Amyusha Zinlum Hpung) အမျိုးသမီးကော်မတီ ဦးဆောင်ပြီး အမျိုးသမီးနှင့် လူငယ်များ နည်းပညာအသုံးပြုလာတတ်ရန် ရည်ရွည်ခြင်းဖြင့် ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု တာဝန်ခံတစ်ဦးဖြစ်သည့် ဆရာမ လထော် ကိုင်ရိန်က KNG ကို ပြောသည်။

“အမျိုးသမီတွေပဲ ဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ် ကွန်ပျူတာနည်းပညာသိဖို့ လိုအပ်နေတယ်။ ဒီဒေသမှာက နည်းပညာပိုင်း အရမ်းအားနည်းနေတာ တွေ့ရတယ်။ အဲ့ကြောင့် ဒီဒေသမှာရှိကြတဲ့ အမျိုးသမီးတွေနဲ့ လူငယ်တွေ အားလုံး လေ့လာသင်ယူနိုင်ဖို့ အလုပ်ရုံကို ဖွင့်လိုက်ရတာဖြစ်တယ်။ နောက်ဆုံး အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့အထိ ထောက်ပံ့ကူညီပေးနိုင်တဲ့အထိ ရည်ရွယ်ထားတာဟုတ်တယ်”ဟုပြောသည်။

ကွန်ပျူတာသင်ကြားပေးမည့် အလုပ်ရုံကို မှော်စီဆာကချင်အမျိုးသား လှုမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရုံးတွင် ဆောက်လုပ်ထားပြီး မတ်လ ၁၆ ရက်နေ့တွင် ‘အမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံ’ အမည်ဖြင့် ဆိုင်းဘုတ်ထောင် ဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် နည်းပညာစိတ်ဝင်စားသူများတက်ရောက်လိုပါက မတ်လ ၂၆ ရက်နေ့မှစတင်ကာ လကုန်အထိ အမည်စာရင်းပေးသွင်းနိုင်ပြီး ဧပြီလမှ စတင်ကာ ၃ လကြာ သင်တန်းပို့ချပေးမည်ဟု သိရသည်။

အသက်အရွယ်နှင့် လူမျိုးဘာသာ ခွဲခြားထားခြင်းမရှိ လက်ခံမည်ဖြစ်သော်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများကို လက်ခံမည် မဟုတ်ကြောင်း အထက်ပါ တာဝန်ခံ ဆရာမ က ဆက်လက်ပြောဆိုသည်။

“ကျမတို့မှာ စည်းမျဉ်းစည်းကမ်း ကန့်သတ်ထားတာမရှိဘူး။ တကယ်သင်ကြားချင်စိတ်ရှိတဲ့ သူအားလုံးကို လက်ခံထားပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါးသောက်စားသူများကိုတော့ လက်ခံမှာမဟုတ်ဘူး”ဟုပြောသည်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေသရှင်း (Wunpawng Amyusha Zinlum Hpung) သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်မှစတင်ကာ ဖားကန့်ဒေသအတွင်း မူးယစ်ကျေးကျွန်ဘဝရောက်နေသည့် အမျိုးသမီးများနှင့် လူငယ်များကို ကျောက်စိမ်းလက်မှုပညာများသင်ကြားပေးသည့် အစီစဉ် စတင်ခဲ့သည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ် ၃ နှစ်တာအတွင်း အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ၁၂ ဦးကို မွေးထုတ်ထားပြီး လက်ရှိတွင် ကျေက်စိမ်းဖြင့် ပြုလုပ်သည့် လက်မှုပစ္စည်းများကို စျေးကွက်အထိ ရောင်းချမှုများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button