ကချင်မှာ တစ်လအတွင်း လက်နက်ကြီးနဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံး ၂၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၆ ဦးထိရှိလာ
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်း လက်နက်ကြီးကျပေါက်ကွဲမှု နဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံးသူ ၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၈ ဦးထိရှိခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီဖြစ်စဉ်တွေဟာ မြစ်ကြီးနားမြို့မှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ နှစ်ဦး၊ ဓားထိုးမှုနဲ့ သေနတ်ပစ်ခတ်ခံရလို့ သေဆုံးသူ ၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးထိရှိခဲ့ပါတယ်။
ဝိုင်းမော်မြို့မှာတော့ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးသူတစ်ဦး ထိခိုက်ဒဏ်ရာရှိသူ ၄ ဦး၊ မြေမြုပ်မိုင်းကြောင့် သေဆုံးသူတစ်ဦး၊ ရိုက်နှက်ခံရမှုကြောင့် သေဆုံးသူတစ်ဦးနဲ့ ဓားခုတ်ဒဏ်ရာကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးထိရှိခဲ့ပါတယ်။
ကျန်တဲ့ သေဆုံးသူ ၁၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄၄ ဦးကတော့ ဖားကန့် မြို့နယ်အတွင်း လေယာဉ်ဗုံးကြဲခြင်း၊ လက်နက် ကြီးပစ်ခတ်ခြင်းနဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် ထိခိုက်သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
ဒီထိခိုက်သေဆုံးမှုတွေဟာ အရပ်ဘက်အဖွဲ့အစည်း၊ ဒေသအခြေစိုက်လူမှုကယ်ဆယ်ရေးအသင်း၊ ဒေသခံပြည်သူတွေဆီကနေ ဖုန်း၊ အင်တာနက်အခက်အခဲ အမျိုးမျိုးကြားက လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေ ဖြစ်တဲ့အတွက် မြေပြင်နဲ့ ကွဲလွှဲမှုရှိနိုင်ပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာလမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ ထုတ်ပြန်ကြေငြာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့နေရာတွေကို ပြန်လည်ရယူနိုင်ဖို့ တိုက်ပွဲနဲ့တိုက်ပွဲအနီးဝန်းကျင်ကိုလေယာဉ်ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကို ခပ်စိပ်စိပ်လုပ်လာတာကို တွေ့ရပါတယ်။
တစ်ဖက်မှာလည်း စစ်ရေး၊ နိုင်ငံရေးကြောင့် မြစ်ကြီးနားမြို့လို နေရာမျိုးမှာတောင် လူပျောက်မှု၊ လုယက်မှု၊ သတ်ဖြတ်မှု စတဲ့ ရာဇဝတ်မှုတွေလည်း တစ်လထက်တစ်လ ပိုမိုမြင့်တက်လာနေတာဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် သတ်ဖြတ်ခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအထိ ပါဝင်လာတာကို တွေ့ရပါတယ်။
“ပြည်သူတွေအတွက်ကတော့ သွားလာတဲ့ အချိန်တွေထက် ဝမ်းစာရှာနေရတဲ့အချိန် လုံခြုံမှုမရှိဘဲ ကြောက်ရွံ့နေရတယ်။ သူတို့ကို ဖမ်းဆီးအရေးယူတာမျိုးလုပ်ရင် သွားလာတဲ့ ပြည်သူတွေအတွက် ပိုပြီး လုံခြုံလာမလားလို့ တွေးမိပါတယ်။ သူတို့ဘက်က သေချာ ပြင်းထန်စွာအရေးယူခြင်းမရှိတဲ့အတွက် အရမ်းစိုးရိမ်ရတဲ့ခေတ်ဖြစ်နေတယ်”လို့ မြစ်ကြီးနား ဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။
ဒါကြောင့် ပြည်သူတွေဟာ လက်နက်ကြီးကျ ပေါက်ကွဲပြီး ထိခိုက်သေဆုံးရမှာကို စိုးရိမ်နေရသလို တစ်ဖက်မှာလုယက်သတ်ဖြတ်ခံရမှာကိုလည်း စိုးရိမ်နေကြပါတယ်။
Burmese Women’s Union(BWU) ရဲ့ ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၁ ရက်နေ့ကနေ ၃၁ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသမီး ၆၄ ဦး သေဆုံးပြီး ၈၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ Myanmar Pace Monitor MPM ရဲ့ စုစည်းထားတဲ့ အချက်အလက်တွေမှာတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၄နှစ်ကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသမှာ ၅၆၀ ဦးရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးမှုတွေထဲမှာ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ အရပ်သားဦးရေဟာ လေးနှစ်တာအတွင်း ၄၀၅ ဦးရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့အရပ်သားဦးရေကတော့ ၁၄၉ ဦးရှိခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေတွေထဲမှာမှ ၂၀၂၄ခုနှစ်ကတော့ အဆိုးရွားဆုံးနဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Kachin Human Rights Watch(KHRW)အဖွဲ့ရဲ့ ပြောကြားချက်အရကတော့ ကချင်မှာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ဇွန်လထိ သေဆုံးသူ ၂၃၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၄၀ဦး ထိရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်စစ်တပ်အာဏာသိမ်း လေးနှစ်တာအတွင်း ကချင်ပြည်နယ်အတွင်း ဖားကန့်ဒေသ KIO တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ အနန့်ပါ၊ KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန့်လိုင်ခက် စစ်ရှောင်စခန်း၊ မြို့သစ်ကုန်းလောကျေးရွာတွေမှာ လေယာဉ်ဗုံးကြဲခံရတဲ့အတွက် အရပ်သားအစုပြုံလိုက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမ္မဂအဖွဲ့(UN)ရဲ့ ပြီးခဲ့တဲ့ဇွန်လ ၂၆ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိချိန်ထိ အရပ်သားပြည်သူ ၆၈၀၀ကျော် သတ်ဖြတ်ခံထားရပြီး လူပေါင်း ၂၂၀၀၀ကျော်ဟာ နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရတာ ဖြစ်တယ်လို့ သိရပါတယ်။
By – Hope



