ကချင်အထူးဒေသ
-
Oct- 2024 -1 Octoberသတင်း
လေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ချီဖွေပြည်သူများ မြို့ထဲပြန်မဝင်နိုင်သေး
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ တိုက်ပွဲငြိမ်သွားပေမယ့် လေကြောင်းရန်ကို စိုးရိမ်နေရသေးတာကြောင့် ဒေသခံတွေမြို့တွင်းပြန်မဝင်နိုင်သေးဘူးလို့ ချီဖွေပြည်သူတွေက ပြောပါတယ်။ ကချင်အထူးဒေသ (၁) ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ချီဖွေမြို့ကို KIA/PDF ပူးပေါင်းတပ်က စက်တင်ဘာလ ၂၉ ရက်နေ့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့တွင်းနေရာအားလုံးကို ထိန်းချုပ်ထားကာ တိုက်ပွဲငြိမ်နေတာ ၂ ရက်ရှိပြီဖြစ်ပါတယ်။ သို့သော် စစ်ကောင်စီတပ်ဘက်က စက်တင်ဘာလ ၂၉ ရက်ညသန်းခေါင်မှာ တစ်ကြိမ်၊ အောက်တိုဘာလ ၁ ရက်နေ့ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်မှာတစ်ကြိမ် ဂျက်ဖိုက်တာတစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တယ်လို့ ချီဖွေဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လေယာဉ်မလာရင် မြို့ထဲဝင်လို့ရတယ်။ လေယာဉ်ကိုကြောက်လို့ မဝင်ရဲကြဘူး။ ဒီနေ့လည်းတစ်ကြိမ်လာပစ်သွားတယ်မြို့ထဲမှာ ထိခိုက်တာတော့မရှိပါဘူး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အတူ တိုက်ပွဲတွင်း လက်နက်ကြီးကျပေါက်ကွဲတာကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ မြို့ခံပြည်သူ ၃ ဦးကျည်ထိမှန်သေဆုံးတာတွေလည်းရှိတယ်လို့ သိရပေမယ့် အမည်နာမအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ပါတယ်။ ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းလိုက်ပြီးနောက် ထွေအုပ်ရုံး၊ရဲစခန်း၊ဆေးရုံအပါအဝင် ဌာနဆိုင်ရာရုံးနေရာအားလုံးကို ချိတ်ပိတ်ထားပြီဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ချီဖွေမြို့အနီးဝန်းကျင် တော၊တောင်တွေမှာ ပြည်သူထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေပြီး မြစ်ကြီးနားဘက်လည်း လမ်းပိတ်ထားသလို၊ ပန်ဝါသွားတဲ့လမ်း ၄ မိုင်ဂိတ်မှာလည်းပိတ်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါကြောင့် သက်ဆိုင်သူတွေအနေနဲ့ ပြည်သူတွေကိုထွက်လို့ရမယ့်လမ်းကို ယာယီခေတ္တဖြစ်ဖြစ်ဖွင့်ပေးစေလိုကြောင်း ချီဖွေဒေသခံတွေခုလိုပြောပါတယ်။ “မြစ်ကြီးနားလည်း ဆင်းမရ၊ ပန်ဝါဘက်သွားမယ်ဆိုလည်း ၄ မိုင်ဂိတ်ပိတ်ထားတယ် အဲတော့ ကြားမှာပိတ်မိသလိုတော့ဖြစ်နေတယ်။ဖြစ်နိုင်ရင်ပြည်သူတွေကို ခနတစ်ဖြုတ်ထွက်သွားဖို့ ကူညီပေးစေချင်တယ်”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ မိုင် ၈၈ အကွာ တရုတ်နယ်စပ် ပန်ဝါနဲ့ မိုင် ၄၀ အကွာရှိပြီး ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ KIA တပ်တို့ကြား တကျော့ပြန်တိုက်ပွဲကြောင့် ချီဖွေအနီးပတ်ဝန်းကျင်ကျေးရွာတစ်ချို့ပြည်သူတွေ မြို့တွင်းထဲကို စစ်ရှောင်နေကြတာ ဆယ်စုနှစ် တစ်စုရှိပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှောင်များလည်းအများအပြားနေထိုင်ပြီး ၂၀၂၂ ခုနှစ် ချီဖွေအထွေထွေအုပ်ချုပ်ရေးရုံးရဲ့ဖော်ပြထားချက်အရ လူဦးရေ ၂၂၀၉၂ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် မတ်လကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ ၅ လအကြာမှာ နယ်ခြားစောင့်ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ နယ်မြေအတွင်းရှိ ပြည်သူ့စစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လတ်တလော ချီဖွေမြို့ကိုသိမ်းပိုက်ထားပြီဲဖြစ်သလို ဆော့လော်မြို့နယ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းဟာ ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကိုထူထောင်ပြီး အထူးဒေသ – ၁ နယ်မြေသတ်မှတ်ကာ ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာလှုပ်ရှားခဲ့ရာကနေ ၂၀၀၉ ခုနှစ်မှာ ကချင် ဒီမိုကရေစီသစ်တပ်မတော် NDA -K ကနေ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ရပ်တည်လိုက်တာ ဖြစ်ပါတယ်။ By – Zami
Read More » -
Jun- 2024 -20 Juneသတင်း
ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး လူ ၅၀ ဝန်းကျင်ပျောက်ဆုံးနေ
ပန်ဝါမြို့ ကချင်အထူးဒေသ (၁)ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး ကုမ္မဏီလုပ်သား ၅၀ ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ မြေရှားသတ္တုတွင်းမြေပြိုတဲ့နေရာဟာ ပန်ဝါမြို့ကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်ခန့်သွားရတဲ့ ပါထိုင်ဟော်ရွာ ပြည်သူ့စစ်သင်တန်းကျောင်းဘေးမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်မှာပြိုကျတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ် လူ ၅၀ လောက်ပါသွားတယ်ပြောနေကြတယ် ထမင်းချက်တဲ့သူတွေရော အကုန်ပါတာတဲ့လောလောဆယ်ထိတော့ အခြေနေအသေးစိတ် ဘာကြောင့်ပြိုတာလဲဆိုတာတော့ မသိရသေးဘူး“လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ ဇွန်လ ၁၉ ရက်ည ပြိုကျတဲ့ မြေရှားသတ္တုတွင်းဟာ ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနဲ့သားဖြစ်သူ ဇခုန်ယိန်းဆောင်တို့သားအဖရဲ့ လုပ်ကွက်အသစ်ဖြစ်တယ်လို့သိရပြီး ညနက်သန်းခေါင်မြေပြိုတာကြောင့် ကုမ္မဏီလုပ်ကွက်ထဲရှိနေတဲ့ ထမင်းချက်သူတွေအပါအဝင် လုပ်သားအားလုံးနီးပါး မြေပြိုကျသွားတဲ့ထဲမှာပါသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ လုံခြုံတင်းကြပ်ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေတာကြောင့် သေဆုံးသူတွေရဲ့အမည်စာရင်း တိတိကျကျ သိရဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။ “ခုလောလောဆယ်က သိရသေးမှာမဟုတ် ဒီလုပ်ကွက်အားလုံးက သူတို့သားအဖတွေရဲ့လုပ်ကွက်ဘဲလေ ခုလောလောဆယ်ကရှာဖွေရေးလုပ်နေကြတာဆိုတော့ နောက် ၂ ရက် ၃ရက်လောက်မှ သိရမှာ”လို့ နောက်ထပ်ဒေသခံတစ်ဦး ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း ပန်ဝါကနေ ၅ မိုင်ခန့်အကွာမှာရှိတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်အမှတ် ၃ က မြန်မာမျိုးကိုကိုကုမ္မဏီရဲ့လုပ်ကွက် မြေပြိုကျပြီး လုပ်သား ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိသလို ဒီတစ်ကြိမ်သေဆုံးမှုက အများဆုံးဖြစ်ပါတယ်။ ကမ္ဘာ့သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်ကောင်စီအောက် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက် ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒီထဲမှာ သတ္တုတူးဖော်တဲ့ လုပ်ကွက် ဆိုက်ပေါင်း သုံးရာကျော်ရှိနေပြီး၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ By – CJ
Read More »