ကားလမ်း
-
Sep- 2024 -2 Septemberသတင်း
ကချင်ဒေသမှာ အခြေခံစားသောက်ကုန်အများပိုင်းစတင်ပြတ်လပ်
ကချင်ပြည်နယ် မြစ်ကြီးနား–မန္တလေးလမ်းပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်တွေပြတ်လပ်လာပြီး မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးကားလမ်းတစ်လျှောက် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ဖြစ်လာကတည်းက ကားလမ်းပိုင်းသွားလာခွင့်မရတာ ခုဆိုရင် ၂ ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် မြစ်ကြီးနားကိုတက်လာတဲ့ ကုန်တင်ကားတွေ လမ်းခရီးတွေမှာ အများအပြားပိတ်မိနေပြီး ကုန်ကားအဝင်မရှိတော့တဲ့အတွက် မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အားလုံးမှာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေတာဘဲ ဖြစ်ပါတယ်။ “စျေးက မနက်နဲ့ ညတောင်မတူတော့ဘူး။ မနက်တစ်မျိုး ညနေတစ်မျိုး မနက်ဒီစျေးဆို ညနေဒီစျေးမရတော့ဘူး။ တချို့ဆို ဆိုင်တွေပိတ်သိမ်းထားတယ်။ တစ်နေ့ထဲဝယ်တစ်နေ့ထဲရောင်းတာတောင် အရင်းပြုတ်တယ်ပြောတယ် အရမ်းငြီးနေကြတယ်။ ကျမတို့တောင်စျေးမှာပြောနေကြတယ် ရှေ့ဆက်ပြီး ဒီလိုပဲဖြစ်မယ်ဆိုရင်တော့ စားဝတ်နေရေးမလွယ်တော့ဘူး အရင်းပဲပြုတ်နေတာ။ စားဖို့သောက်ဖို့တောင်မလွယ်တော့ဘူး။ စိတ်ညစ်စရာကြီး တွေးတောင်မတွေးဝံ့ဘူး” လို့မြစ်ကြီးနား စျေးသည်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပိတ်ထားတာ ရက်ကြာမြှင့်လာတာနဲ့အတူ မြစ်ကြီးနားမြို့မှာ ကြက်ဥတစ်လုံးကို ၁၃၀၀၊ ခရမ်းချဉ်သီး ၂ လုံး ၃ ထောင်၊ တစ်ပိဿာကို တစ်သောင်းခွဲ၊ စားသုံးဆီ တစ်ပိဿာ နှစ်သောင်း ၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ တစ်ပိဿာ နှစ်သောင်းခွဲထိ မြှင့်တက်နေတဲ့အပြင် ကုန်တွေပြတ်လပ်လာတာကြောင့် ပိတ်ထားတဲ့ဆိုင်တွေလည်းရှိလာတယ်လို့သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပါပြတ်တောက်နေတဲ့အတွက် စစ်ရှောင်တွေကို လစဉ်လတိုင်း ဆန်နဲ့ ငွေကြေးကူညီထောက်ပံ့ပေးနေတဲ့ World Food Program WFP ကလည်း ဇူလိုင်လကတည်းကတည်းကနေ မရောက်ရှိနိုင်တော့တာဖြစ်တယ်လို့ စစ်ရှောင်တွေလည်း ပိုပြီးဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်လပ်နေပြီး ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပါတယ်။ “အဓိကခက်တယ်ဆိုတာက ဆန်ပဲ။ ဆန်သာရှိနေရင် ကျန်တာက ဘာနဲ့ပဲဖြစ်ဖြစ်ရှာဖွေစားပြီး ဆက်နေလို့ရသေးတယ်။ ဟင်းသီးဟင်းရွက်တွေ တောထဲကရှာကြံပြီး စားလို့ရတယ်။ တချို့ စားဖို့ဆန်မရှိတော့ပဲ အရမ်းခက်လာတဲ့သူတွေကိုတော့ အသင်းတော်ကနေမှ ဆယ်ဘို့တစ်ဘို့ဆန်ထားထားတဲ့ထဲကခွဲဝေမျှစား တချို့ကူညီမှုပြန်ရရင် ပြန်မျှစားအဲလိုနဲ့ လည်ပတ်နေတယ်။ ရေရှည်ဆိုရင်တော့ တော်တော်ခက်ခဲလာပြီ။ ဝိုင်းမော်တဝိုက် စစ်ရေးအခြေအနေ တည်ငြိမ်သွားရင်တော့ သူ့ဟာနဲ့သူအနည်းငယ်တော့ ခံသာသွားမယ်ထင်တယ်”လို့ဆိုပါတယ်။ လက်ရှိ မြစ်ကြီးနားမှာ ကုန်ပစ္စည်းအများပိိုင်းပြတ်လပ်လာတာနဲ့အမျှ ကုန်စျေးနှုန်တွေလည်း ဆက်တိုက်မြှင့်တက်နေချိန် မြစ်ကြီးနားကနေတစ်ဆင့် ကုန်တွေသယ်ယူရတဲ့ ပူတာအို ၊ တနိုင်း၊ဖားကန့် စတဲ့ မြို့နယ်က ပြည်သူတွေနဲ့စစ်ဘေးရှောင်ပြည်သူတွေ ပိုပြီးကြပ်တည်းလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိအချိန်ထိလည်း မြစ်ကြီးနား–မန္တလေးလမ်းအခြေအနေကြောင့် လမ်းတွေပိတ်ဆို့ထားဆဲဖြစ်ပြီး ဒီကားလမ်းပိုင်းဟာလအနည်းငယ်ကြာအုံးမယ်လို့ ကားသမားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ KNG ကိုပြောပါတယ်။ “မြစ်ကြီးနား လမ်းပိုင်းအခြေအနေက လောလောဆယ်က လမ်းကပိတ်တုန်းပဲ။ ကျနော်တို့ ကားတွေတောင်မှ ၁၀ ရက်လောက်စောင့်ပြီး အခုပြန်လှည့်လာတယ်။ အခုမန္တလေးကိုရောက်ပြီ။ ဖွင့်ဖို့အခြေအနေကမရှိဘူး။ ကြာအုံးမှာလို့ပြောတယ်။ ခရီးသည်တွေက အခုပိတ်ထားတဲ့နေရာမှာ ဆိုင်ကယ်နဲ့ ၂ သိန်းတော့ပေးရပြီး အဲလိုဖြတ်နေကြတယ်။ ပိတ်မိနေတဲ့ကားတွေပေါ့။ သူတို့က မြစ်ကြီးနားကနေလာတယ်။ ပြီးတော့ မှော်လူး–မှော်ဟန်တွေမှာ ပိတ်မိနေကြတာပေါ့”လို့ မြစ်ကြီးနား–မန္တလေးလမ်းပြေးဆွဲနေတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့စပြီး ကချင် – စစ်ကိုင်းအစပ်ဒေသ ကသာခရိုင်တွေဖြစ်တဲ့ ထီးချိုင့်၊ပင်လည်ဘူး၊အင်းတော်ဒေသတစ်လျှောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ ကချင်ဒေသမှာ ခုလို စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်းသွားလာခွင့်ပိတ်ခံထားရချိန် ကချင်ပြည်နယ်ထဲ ကုန်စည်စီးဆင်းတဲ့တစ်ခုတည်းသော နေရာဟာ ကံပိုက်တည်တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။ သို့သော် လက်ရှိ မြန်မာငွေစျေးကျဆင်းမှုကြောင့် တရုတ်ပြည်ကတင်သွင်းတဲ့ကုန်တွေကလည်း စျေးတွေမြင့်တက်နေတဲ့အပြင် တရုတ်ဘက်ကလည်း အခြေခံစားသောက်ကုန်တွေကို အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပြုနေတယ်လို့ ပြည်သူတွေဟာ အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာနေကြတာလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့အထက်ပိုင်းဒေသမှာရှိပြီး လူဦးရေ ၁ သန်းကျော်ရှိသလို၊ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ပြည်နယ်ဖြစ်ပါတယ်။ By…
Read More » -
Aug- 2024 -29 Augustသတင်း
တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့ ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းစပိတ်တဲ့နေ့က ပိတ်မိနေတဲ့ ခရီးသည်ယာဥ်လိုင်းတစ်ခုရဲ့ပိုင်ရှင်ကတော့ လမ်းပိုင်းဖွင်ဖို့ကြာ အုံးမယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောလာတဲ့အတွက် ပြန်လှည့်ခဲ့ရတဲ့အကြောင်းအခုလို ပြောပြ ပါတယ်။ “မြစ်ကြီးနားလမ်းပိုင်းအခြေနေက လမ်းကပိတ်တုန်းပဲ ကျနော့ကားတွေတောင် ၁၀ ရက်လောက်စောင့် သေးတယ် ဒါပေမဲ့အခုတော့ပြန်လှည့်လာရပြီ မန္တလေးတောင်ပြန်ရောက်ပြီ ဖွင့်ဖို့အခြေနေကမရှိဘူး ကြာအုံးမယ်လို့ပြောတယ်။” ဒီနေ့အထိ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေသလို အင်းတော်မြို့တွင်းကိုတော့ တော်လှန်ရေးအင်အားစု တွေဘက်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ လက်ရှိတော့ အင်းတော်မြို့နားမှာရှိတဲ့ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်လှိုဏ်ဂူအမည်ရှိတဲ့ တပ်စခန်းကြီး တစ်ခုသာကျန်ရှိတော့ပြီး မြစ်ကြီးနား–မန္တလေးလမ်းပိုင်းဖွင့်ဖို့ ကြာနိုင်သေးတယ်လို့ ရှေ့တန်းရောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “လမ်းကကြာအုံးမယ်ထင်တယ်။ အခုအင်းတော်က အကုန်လုံးရထားပြီတစ်မြို့လုံးပေါ့ ဗျူဟာကုန်းနဲ့ ဂျပန်လှိုဏ်ဂူနဲ့ဆက်နေတာ အဲ့နေရာပဲကျန်တာ အဲ့မှာကအင်အားတော်တော်များတယ်။ ဒီတစ်လမဟုတ် ရင်တောင် လဝက်လောက်ကြာအုံးမယ်ထင်တယ်။” လို့ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပိတ်ထားတာ ရက်ကြာမြှင့်လာတာနဲ့အတူ ကချင်ပြည် နယ် တစ်ဝှမ်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဆက်တိုက်မြှင့်တက်နေပြီး မြစ်ကြီးနားမြို့နယ်မှာ ကြက်ဥတစ်လုံးကို ၁၃၀၀ အထိပေးဝယ်နေရပြီလို့ မြစ်ကြီးနားမြို့ဒေသခံတွေကပြောပါတယ်။ လက်ရှိ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်ခေတ်ကတည်းက ဆောက်လုပ်ထားတဲ့ စစ်ဆေးရုံနဲ့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတို့မှာ အထိုင်ချထားတာဖြစ်ပြီးအင်းတော်မြို့ပေါ်နဲ့လည်းကပ်လျက်မှာပဲ တည်ရှိတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး အင်းတော်မြို့နယ်အပါအဝင် ပင်လည်ဘူး၊ ထီးချိုင့်နဲ့ ကန့်ဘလူမြို့တို့မှာလည်း မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
Jun- 2024 -11 Juneသတင်း
ကုန်ကား ၁၄ စီး ပူတာအိုရောက်ရှိ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုတက်သွားတဲ့ ကုန်ကားတစ်ချို့ မနေ့က ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာပဲ ပူတာအိုမြို့ကိုရောက်ရှိသွားပြီလို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲတဲ့ကားဆရာတွေဆီက သိရပါတယ်။ တင်ပို့လိုက်တဲ့ကုန်ပစ္စည်းတွေကတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ကိုအဓိကထားတင်ပို့ခဲ့တာဖြစ်ပြီး မြစ်ကြီးနား–ပူတာအိုကားလမ်းကို အပြီးသတ်ဖွင့်ပေးတာမျိုးမဟုတ်ဘဲ ကုန်ကားတစ်ချို့သာတက်ခွင့်ရသေးတာလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ ညနေပိုင်းကတည်းက မြစ်ကြီးနားမြို့ကနေ အခြေခံစားသောက်ကုန်တင်ထားတဲ့ ကုန်ကား ၁၄ စီးလောက် ပူတာအိုမြို့ ကိုထွက်ခွာသွားတာဖြစ်ပြီး မနေ့က ညနေပိုင်းမှာပဲရောက်ရှိသွားတာ လို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲသူတစ်ယောက်ကပြောပါတယ်။ “မနေ့ကညနေပိုင်းလောက်ရောက်သွားတယ်။ အခြေနေက စစ်ဆေးရေးတွေတော့နည်းနည်းစစ်တယ်တဲ့ အဲ့လောက်ပါပဲ မူလာရှီးဒီးဂိတ်မှာတော့ စစ်ဆေးရေးကြမ်းတယ်တဲ့။ လမ်းမှာကတော့ နှစ်ဖက်အဖွဲ့တွေ များတယ်ပြောတယ်။ “ လို့ပြောပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်း တပ်တွေအကြား တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေဘက်က ကားလမ်းကိုပိတ်ခဲ့တာဖြစ်ပြီး ၃ လကျော်အကြာမှာ အခုလိုကုန်ပစ္စည်းတွေတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ကုန်ပစ္စည်းကားတွေ ပူတာအိုမြို့ကိုရောက်ပြီဆိုတဲ့သတင်းသာ ကနဦးသိရသေးပြီး ရောက်ရှိလာတဲ့ အခြေခံစားသောက်ကုန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ရောင်းချပေးမလဲဆိုတာတော့ ပူတာအိုမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် KNG ကအတည်မပြုနိုင်သေးပါဘူး။ ဒီအခြေနေမှာ ရောက်ရှိသွားတဲ့ ကုန်ပစ္စည်းတွေက ကုန်ပစ္စည်းလှောင်တဲ့သူတွေဆီသာရောက်ရှိသွားရင် ကုန်ပစ္စည်းသာရောက်လာပြီး ဈေးနှုန်းကတော့ကျမယ့်အနေအထားမရှိဘူးလို့ ကားဆရာ တစ်ယောက်က သုံးသပ်ပါတယ်။ “ ပစ္စည်းဈေးနှုန်းကတော့ကျမှာမဟုတ်ဘူးကျနော်တို့ထင်တာ။ ဘာကြောင့်ဆိုတော့ အခုကပူတာအိုမှာ ပိုက်ဆံရှိလည်းဝယ်လို့မရဘူးလေ။ အခုက ပစ္စည်းရောက်သွားတယ် ပိုက်ဆံရှိရင်ဝယ်လို့ရမယ် အဲ့လောက်ပဲ ဈေးကတော့ကြီးနေအုံးမယ်ထင်တယ်။ ကုန်တွေလှောင်တဲ့အဖွဲ့တွေပစ္စည်းရောက်သွားရင်ဘာမှထူးမှာ မဟုတ်ဘူး” လို့ပြောပါတယ်။ ဒါ့ကြောင့် မြစ်ကြီးနား–ပူတာအိုလမ်းမဖွင့်ခင်မှာ ရောက်ရှိသွားတဲ့ကုန်စည်တွေကို အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူပေးပြီး အကန့်အသတ်နဲ့ ရောင်းချပေးရင်တော့ အဆင်ပြေနိုင်မယ်ထင်တယ်လို့ သူကဆက်ပြော ပါတယ်။ ပူတာအိုမြို့ကို ပုံမှန်ဆိုရင် မြစ်ကြီးနားကနေ ၁၂ နာရီဝန်းကျင်ခန့်သာမောင်းရပြီး ဒီတစ်ကြိမ်တော့ လမ်းခရီး မှာ နှစ်ဖက်တပ်တွေရဲ့စစ်ဆေးရေးတင်းကြပ်တာ၊ ရာသီဥတုကြောင့်မြေပြိုတာ စတဲ့အခက်အခဲတွေကြောင့် ၂ ညအိမ် ၃ ရက် ကြာမြှင့်ခဲ့ရတယ်လို့ ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကစလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အကူအညီနဲ့ ပူတာအိုမြို့ကို ကုန်ပစ္စည်းတစ်ချို့တင်ပို့ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မနေ့ကပဲ ကုန်ပစ္စည်းတွေရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ By – အမိုး
Read More »