ဖောက်ထွင်းမှု
-
Oct- 2024 -28 Octoberသတင်း
KIA သိမ်းပိုက်ထားတဲ့ ပန်ဝါဒေသမှာ နေအိမ်ဖောက်ထွင်းခံရတာတွေရှိနေ
ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေရဲ့နေအိမ်တစ်ချို့ကို ဖောက်ထွင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လတ်တလော ပန်ဝါဒေသအတွက် KIO ဘက်က အုပ်ချုပ်ရေးလုပ်ငန်းတွေမစီမံရသေးသလို မြို့တွင်းမှာလည်း ရှေ့တန်း KIA တပ်သားနဲ့ PDF တပ်သားတွေသာရှိပြီး သူတို့တွေက ဒေသခံနေအိမ်တွေကိုဖောက်တာ၊ပစ္စည်းတွေကိုယူတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အခုက ဒီမှာက ကေအိုင်အေနဲ့PDF က တိုက်ထားတာနိုင်ထားတယ်။ ဒါပေမဲ့ နေရာတွေကအတည်တကျ မဖြစ်သေးဘူးလေ။ ပြောမယ်ဆိုရင် စစ်တပ်တစ်ခုကနိုင်ထားပြီဆိုရင် အဲ့ရှေ့ကတန်းကသူတွေပဲရှိနေသေး တယ်။ ပြောမယ်ဆို သူတို့ဘယ်လိုအုပ်ချုပ်မယ်ဆိုတာမစီမံသေးဘူးပေါ့။ စစ်သားတွေက ဒေသခံတွေဆီမှာ ဆိုင်ကယ်သွားငှားပြီးတော့ ပြန်မပို့ပေးတာတွေလုပ်ပေးတယ်။ အိမ်ကရှိပြီးလူမရှိရင် ပစ္စည်းတွေလိုက်ယူ အဲ့မျိုးတွေပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ကချင်အထူးဒေသ ၁ ပန်ဝါဒေသကို နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ်လက်ထဲကနေ KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ပန်ဝါမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ပြင်ဆင်နေပြီး KIAတပ်ဖွဲ့ဝင်တွေဒေသခံနေအိမ်တွေဖောက်ထွင်းတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အခုလိုတုံ့ပြန်ပါတယ်။ “ပစ္စည်းယူတာနဲ့ပတ်သက်လို့ကတော့ စစ်ကြောင်းတွေကို မနာလိုတဲ့အခါကျတော့ အပြစ်မြင်တာလည်း ရှိမှာ။ စစ်သည်တွေလည်းရှေ့တန်းသမားတွေဆိုတော့စားစရာ၊ သောက်စရာတွေယူစားသောက်စား တွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ သိပ်ပြီးကြီးမားတဲ့ပြဿနာတွေ ရှိမယ်လို့တော့ကျနော်မထင်ပါဘူး။ ကျနော်တို့ခေါင်းဆောင်တွေ၊ လူကြီးပိုင်းတွေလည်းရှိတယ်။ သူတို့ရဲ့ စည်းကမ်းလိုက်နာမှုတွေကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာ။ ဒါ့ကြောင့် ပြဿနာကြီးကြီးမားမားရှိမယ်လို့ ကျနော်မထင်ပါဘူး။လို့ ပြောပါတယ်။ လက်ရှိတော့ KIA သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း တရုတ်ဘက်က လျှပ်စစ်မီးတွေအားလုံး ဖြတ်တောက်ထားပြီး မြေရှားသတ္တုလုပ်ငန်းတွေလည်း အားလုံးရပ်နားထားရတယ်လို့သိရပါတယ်။ တစ်ဖက်မှာ အဆိုပါမြေရှားသတ္တုဆိုက်တွေမှာလာရောက်လုပ်ကိုင်တဲ့ အနယ်နယ်အရပ်ရပ်က အလုပ်သမား တွေလည်း နေရပ်ပြန်သွားတာတွေရှိပြီး ဒေသခံတစ်ချို့လည်း မြစ်ကြီးနားမြို့ဘက်ကယာယီတိမ်းရှောင်နေ ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ တရုတ်ဘက်ကကုန်ပစ္စည်းတွေကိုသာအားကိုနေရတဲ့ ဒေသခံတွေဟာ တရုတ်ဘက်ကလျှပ်စစ် မီးဖြတ်တာ၊ နယ်စပ်ကုန်စည်စီးဆင်းမှုတွေကို ပိတ်လိုက်တာတွေကြောင့် အဘက်ဘက်က အခက်အခဲတွေ ကြုံနေရတယ်လို့ပြောပါတယ်။ By – အမိုး
Read More » -
May- 2024 -3 Mayသတင်း
မိုးမောက်မြို့ စျေးဆိုင် နဲ့ လူနေအိမ်တစ်ချို့ဖောက်ထွင်းခံနေရတဲ့အပြင် အရပ်သားနေအိမ်တစ်ချို့မှာစစ်တပ်ကနေရာယူထား
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင် လူနေအိမ်တစ်ချို့မှာလည်း ဝင်ရောက်နေရာယူထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကစပြီး မိုးမောက်မြို့ဈေးကြီးတံခါးရိုက်ချိုးပြီး ဈေးဆိုင်ထဲကပစ္စည်းတွေသယ်ယူနေတဲ့အပြင် လူမရှိတဲ့နေအိမ်တစ်ချို့မှာ စစ်သားတွေနေရာယူထားကြတယ်လို့ မိုးမောက်မြို့ခံတစ်ချို့ကပြောပါတယ်။ “ဈေးကြီးကိုဖျက်ပြီး ဆိုင်တွေမှာဝင်ပြီး နေရာတွေယူ၊ ပစ္စည်းတွေ ယူချင်သလိုယူနေကြတာ၊ ပြီးတော့ ညနေကျတော့ အဲ့ဒီဈေးရဲ့ မျက်စောင်းထိုးက ဆန်ဆိုင်ကနေပြီး ကားတွေရော အကုန်ယူသွားတာ”လို့ပြောပါတယ်။ မိုးမောက်မြို့မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကနေ စစ်တပ်နဲ့ KIA တပ်တို့အကြား မကြာခနဆိုသလို တိုက်ပွဲဖြစ်နေတဲ့အပြင် မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ဒေသခံအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးကြပြီဖြစ်ပါတယ်။သို့သော် မသန်စွမ်းသူတစ်ချို့နဲ့ အိမ်စောင့်အဖြစ်ကျန်နေသေးတဲ့ ဒေသခံပြည်သူတစ်ချို့ ရှိနေသေးတာဖြစ်ပါတယ်။ ဒေသခံအများပိုင်းထွက်ပြေးတိမ်းရှောင်သွားတဲ့နောက် စစ်တပ်ဘက်က ပြည်သူတွေရဲ့နေအိမ်အထိ ပစ္စည်းခိုးယူတာ ဝင်ရောက်နေရာယူနေထိုင်နေကြတာကြောင့် ကျန်နေခဲ့တဲ့သူတွေလည်း ဗန်းမော်မြို့ဘက်ကို ထွက်ပြေးဖို့ ကား၊ သုံးဘီး၊ ဆိုင်ကယ်တွေနဲ့စီစဉ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် မြို့ အဝင်အထွက်ကို စစ်တပ်ဘက်က ပိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့အပြင် မိုးမောက်– ဗန်းမော်သွားလမ်း ၅ မိုင်ဂိတ်မှာလည်း လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်နေတဲ့အတွက် ထွက်ပြေးဖို့ခက်ခဲနေတယ်လို့လည်း သိရပါတယ်။ “သူတို့က အဲ့ဒီ ၅မိုင်ဂိတ်မှာ ပိတ်ချလိုက်တာ၊ အဝင်အထွက်မလုပ်ခိုင်းဘူး တစ်ချို့ပြေးတဲ့သူတွေကိုကျတော့ ခင်ဗျားတို့ ကြောက်လို့ ပြေးတာ ပြေးကြပေါ့၊ ခင်ဗျားတို့သေမှာကြောက်တယ်မလား ပြေးကြဆိုပြီး ခနဲ့တဲ့တဲ့ စကားတွေနဲ့ ပြောနေတာ” လို့ မိုးမောက်မှာကျန်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မိုးမောက်မြို့ ကြေးနန်ရပ်ကွက်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းရဲ့ လက်ဝါးကပ်တိုင်မှာ လက်နက်ကြီး၊ အမြောက်တွေဆင်ထားကြတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာ မိုးမောက်မြို့ရဲ့အောက်ဘက်ခြမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က နေရာယူထားပြီး မိုးမောက်မြို့အထွက်အထက်ပိုင်းကိုတော့ စစ်ကောင်စီတပ်က နေရာယူထားတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ မိုးမောက်နဲ့ လွယ်ဂျယ်ကြား စစ်ကောင်စီရဲ့အရေးပါတပ်စခန်းကြီးတွေဖြစ်တဲ့ ယောယုံ၊ မဒါဘွမ်၊ စိန်လုံ စတဲ့စခန်းတွေနဲ့ အတူ စခန်းပေါင်း ၁၀ ကျော်ကို KIA ဘက်က မတ်လမှာဘဲ သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဒီစခန်းကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်ရှိ မိုးမောက် ခလရ ၄၃၇ ရောက်ရှိနေပြီး စစ်အင်အားဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။ By – Bu Bu
Read More »