ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ်အတွင်းမြို့နယ် ၈ ခုတွင်ဝင်ပြိုင်မည့် ဒူးလေးပါတီဖြင့် တေွ့ဆုံခြင်း

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP (ဒူးလေးပါတီ) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မြို့နယ် ၈ ခု၊ ရှမ်းပြည်နယ်တွင် ၁ နေရာ နှင့် မန္တလေးတိုင်းတွင် ၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ဒူးလေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဆော့လော်ပြည်သူ့လွှတ်တော် ၁ နေရာ၊ ဆော့လော်မြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာ ၁ နေရာ ၊ ခေါင်လန်ဖူးပြည်သူ့လွှတ်တော် ၁ နေရာနှင့် ခေါင်လန်ဖူးအမှတ် ၁ ပြည်နယ်လွှတ်တော် ၁ နေရာ၊ ရှမ်းပြည်နယ် လီဆူရေးရာဝန်ကြီးနေရာတို့တွင် အနိုင်ရရှိထားသည်။

မေး-ပထမဆုံး ပါတီထူထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ ပါတီကို မိတ်ဆက်ပေးပါအုံး။
ဖြေ-ကျနော်တို့ ပါတီကတော့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဖြစ်တယ်။ ပါတီထူထောင်ရတဲ့ရည်ရွယ်ချက်ကတော့ လီဆူအမျိုးသားမျာကို အခြေခံပြီးတော့ဒေသခံပြည်သူတွေရဲ့အကျိုးစီးပွားကို ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

မေး-၂၀၂၀ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့အပိုင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်တွေသတ်မှတ်ထားတဲ့အခြေနေလေး ပြောပေးပါ။
ဖြေ- ရွေးကောက်ပွဲဝင်ဖို့တော့ ပြင်ဆင်သင့်သလောက်တော့ ပြင်ဆင်ပြီးပြီ။ လာမယ့် ၁၇ ရက်နေ့ကျရင် အောင်နိုင်ရေးနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲလုပ်မယ်။ အဲနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ခံဝန်ကတိရေးထိုးဖို့ လုပ်နေပါတယ်။ ဘာလို့ဒါတွေလုပ်နေလဲဆိုရင် ကနေ့ ဒီမိုကရေစီ ပါတီစုံစနစ်မှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့ကိုယ်စားလှယ်လောင်း များနဲ့ ကိုယ်စားလှယ်တွေကို ထိန်းကျောင်းနိုင်ဖို့ ခက်ခဲရှိတဲ့အတွက်လုပ်ရခြင်း ဖြစ်တယ်။ ခုအကြမ်းဖျင်း စဉ်းစားထားတာကတော့ ကချင်ပြည်နယ်မှာ ၈ မြို့နယ်၊ ရှမ်းပြည်နယ် ၁ မြို့နယ်၊ မန္တလေးတိုင်းမှာ ၁မြို့နယ်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေပါတယ်။

မေး- ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာကော စံသတ်မှတ်ချက် ဘယ်လိုထားလဲ။
ဖြေ-ပထမအချက်ကတော့ ရွေးကောက်ပွဲကော်မရှင်ကနေ သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများဆိုင်ရာ အရည်ချင်းများနဲ့ပြည့်မှီသူ။ နောက်တစ်ခုက မျိုးချစ်စိတ်ရှိသူ ပြည်သူ့အကျိုးဆောင်ရွက်လိုတဲ့စိတ်ရှိသူဖြစ်ရမယ်။

မေး-လက်ရှိချိန်မှာ Covid-19 ကပ်ရောဂါခြေနေကြောင့် ကန့်သတ်ချက်တွေလည်းရှိနေတဲ့ချိန်ကျတော့ လာမယ့် ၂၀၂၀ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတွေအတွက် ဘယ်လိုခက်ခဲမှုတွေရှိနေလဲ။
ဖြေ – ၂၀၂၀တွက်တော့ တော်တော်လေးစိုးရိမ်စရာဖြစ်နေပါတယ်။ ရွေးကောက်ပွဲရဲ့အမိန့်ညွှန်ကြားချက်တွေလည်း ရောက်လာတယ်။ အဲဒီမှာ သမ္မတတို့ နိုင်ငံတော်အတိုင်ပင်ခံတို့ နောက်ပြီး ဝန်ကြီးဒုဝန်ကြီးများကိုတော့ စည်းရုံးခွင့်ပြုလိုက်တယ်။ အစိုးရဖြစ်တဲ့ပါတီမှလွှဲပြီး ကျန်တဲ့ပါတီအားလုံးက Covid-19နဲ့ပတ်သက်ပြီးတော့ ခြေချုပ်မိနေကြသလိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကအစိုးရဖြစ်တဲ့အတွက် အစိုးရရဲ့လုပ်ငန်းနဲ့အတူ စည်းရုံးရေးကိုတစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နိုင်တာဖြစ်တယ်။ ကျန်တဲ့ပါတီကျတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ အမိန့်ညွှန်ကြားချက် ၅ဦးနဲ့အထက် မစုရဆိုတော့ ပြောရမယ်ဆိုရင်တော့ ကိုဗစ်ခြေချုပ်များလား။

မေး- ဒီအခြေနေမှာ ဘယ်လိုဖြစ်သင့်လဲ ဥပမာ UEC ကနေ နိုင်ငံရေးပါတီတွေကို ဖြေလျော့မှုတွေလုပ်ပေးသင့်တယ်လို့ ဆိုလိုချင်တာလာ။
ဖြေ- ဖြစ်သင့်တာက ကျနော်တု့ိပါတီစည်းရုံးခွင့်ပေးတယ်ဆိုရင် ဖြေလျော့မှုတွေလုပ်ရမယ်။ ဥပမာ လူတွေစုဝေးလို့ရတယ် သို့သော် Social Distancing ဘယ်လောက်ထားမယ် ကျန်းမာရေးထုတ်ပြန်ချက်အတိုင်းဘယ်လိုလိုက်နာမယ်။ ဒါဆိုရင် ပါတီစည်းရုံးရေးတွေ စည်းရုံးလို့ရမယ်။ ခုကျတော့ ကျနော်တို့မှာဘာမှလှုပ်ရှားလို့မရတဲ့ အပိုင်းမှာရှိနေပါတယ်။

မေး-အဲလိုဆိုရင် Covid-19 ကာလမှာ လက်ရှိအာဏာရပါတီတွေနဲ့ အခြားပါတီတွေကြားမှာ မဲဆွယ်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုကွာခြားမူတွေရှိနေလဲ။
ဖြေ-အစိုးရဖြစ်တဲ့ပါတီဟာဆိုရင် Covid-19 ကာလမှာ လူမှုရေးဆောင်ရွက်ချက်ဖြစ်တဲ့ ပြည်သူတွေကို ပစ္စည်းထောက်ပံ့တာတွေ ငွေကြေးထောက်ပံ့တာတွေက နိုင်ငံတော်ငွေဖြစ်တယ်။ ပြည်သူ့ငွေဖြစ်တယ် ပြည်သူ့ငွေကိုပြည်သူ့ဝန်ထမ်းနဲ့ပေးတာသည် သဘာဝကျသော်ငြားလည်း ပြည်သူ့ငွေကို ပါတီတံဆိပ်နဲ့ ပါတီရင်ထိုးနဲ့ပါတီပင်အနီ အကျီများနဲ့ပေးတဲ့ချိန်ကျတော့ စည်းရုံးရေးသလို ဖြစ်နေတယ်။ ဒါဟာလည်း သူတို့ရဲ့အားသာချက် ကျနော်တို့အတွက် တန်းတူမဖြစ် အချက်လေးတွေ ဖြစ်နေပါတယ်။

မေး-ကချင်ပြည်နယ်အတွင်းမှာ မဲစာရင်းပြုစုလို့မရတဲ့ရွာတွေကလည်း ရှိနေတယ်။ လက်ရှိမှာ မိမိနေရပ်ကိုစွန့်ခွာပြီးတော့ စစ်ရှောင်အဖြစ်နဲ့နေနေကြရတဲ့ စစ်ရှောင်တွေလည်းရှိနေတော့ ပြည်သူတွေ အနေနဲ့ မဲထည့်ခွင့်ဆုံးရှုံးမှု မရှိအောင် ပါတီတွေအနေနဲ့ ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲ။

ဖြေ-ဒါက ရွှေ့ပြောင်းလုပ်သားများနဲ့လည်း သက်ဆိုင်တယ်လို့ ပြောလို့ရတယ်။ လွန်ခဲ့တဲ့ UECနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲမှာလည်း ကျနော်ဒီကိစ္စကို ဆွေးနွေးတင်ပြခဲ့တယ်။ စစ်ရှောင်တွေကလည်း ပြောရရင်တစ်ဖက်တစ်လမ်းနဲ့ ရွှွေ့ပြောင်းမဲစာရင်းထဲ ဝင်သွားမှာဖြစ်တယ်။ ကျနော် ဥပမာအနေနဲ့ပြောချင်တယ်။ အင်ဂျန်းယန်မြို့နယ်ကလူတွေ စစ်ဘေးရှောင်တယ် မြစ်ကြီးနားမှာနေတယ် သူတို့ဆန္ဒကဘယ်မှာထည့်မှာလဲ။ အဓိကကျနော်တို့ဖြစ်စေချင်တာက သူတို့ရဲ့ဆန္ဒကိုမေးယူရမယ်။ ဒါကိုမဲထည့်နိုင်ဖို့အတွက် UEC က ဥပဒေ အမိန့်ညွှန်ကြားချက်တွေနဲ့ လုပ်သွားပေးရင်တော့ ပိုကောင်းမယ်။ ဒါမှပြည်သူတွေမဲပေးပိုင်ခွင့် ဆုံးရှုံးခြင်းမဖြစ်တော့ဘူး။ အဲလိုမှမဟုတ်ဘူးဆိုရင် ဒေသခံတွေလိုချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းထွက်ပေါ်လာဖို့ တော်တော်လေးကိုခက်ခဲပါလိမ့်မယ်။ ဒါကြောင့်မို ကျနော်တို့ကတော့ မဲထည့်ခွင့်ရအောင်တော့ လုပ်သွားဖို့ရှိပါတယ်။

မေး- ခုနပြောသလိုဘဲ ရွှွေ့ပြောင်းနဲ့ပတ်သက်ပြီးတော့ UEC ကိုတင်ပြခဲ့တာတွေရှိတယ်ဆိုတော့ အဓိကဘာတင်ပြခဲ့လဲ UEC ဘက်ကပေးတဲ့အဖြေမှာကော ကျေနပ်မူရှိလား။
ဖြေ- ကျနော်တို့အချက်လေးတွေနဲ့ တင်ပြခဲ့ပါတယ်။ ပထမတစ်ချက်က ရက်ပေါင်း ၉၀ကို ဘယ်လိုသတ်မှတ်မလဲ။ ကြိုတင် ၃လကတည်းက ဒီဒေသမှာဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီများကို ဒီစာရင်းကိုပေးမလား။ ဒါဆိုကျန်တဲ့နိုင်ငံရေးပါတီတွေကလည်း ပူးပေါင်းဆောင်ရွက် စီစစ်လို့ရပြီ။ ဒါမှမဟုတ်ဘဲနဲ့ ၃လကတည်းက ကြိုရောက်ရှိနေပြီဆိုတာကို ဘယ်လိုအထောက်ထားပြမလဲ။ နောက်တစ်ချက်က သူတို့ပြောထားတယ်။ သက်ဆိုင်ရာ ရပ်ကွက်မှူးများ ဒီအုပ်ချုပ်ရေးမှူးကနေ ထောက်ခံတဲ့သဘောမျိုးတွေ့ရတယ်။ ဒီအုပ်ချုပ်ရေးမှူးက ဘက်လိုက်မှုရှိသွားရင် ကျန်တဲ့နိုင်ငံရေးပါတီတွေအတွက် ဆုံးရှုံးမှုများကြီးဖြစ်သွားနိုင်တယ်ဆိုတာတွေကို တင်ပြခဲ့တယ်။ ဒါပေမယ့် တိကျတဲ့အဖြေတော့ မရခဲ့ဘူး။

မေး- Covid-19 ကြောင့် အွန်လိုင်းကနေ မဲဆွယ်ဖို့ဖြစ်လာခဲ့တယ်ဆိုရင်ရော ဆရာတို့ပါတီတွေအတွက် ဘယ်လိုခက်ခဲမှုမျိုးရှိလာနိုင်မလဲ။
ဖြေ-ဒီကိစ္စက သူတို့ကတော့ စဉ်းစားချက်လို့ဘဲပြောပါတယ်။ လုပ်မယ်ဆိုတာ တိတိကျကျပြောတာတော့မရှိသေးပါဘူး။ လုပ်ခဲ့လို့ရှိရင်လည်းကျနော်တို့ တိုင်းရင်းသားပါတီတွေအားလုံးက ကန့်ကွက်လာကြမယ်လို့ ထင်တယ်။ ကျနော်တို့ ပါတီလည်း ကန့်ကွက်သွားမှာ ဘာလို့လဲဆိုရင် ကျနော်တို့တိုင်းရင်းသားတွေက ဖုန်းလိုင်းမမိတဲ့နေရာမှာနေတဲ့သူ ပိုများတယ်ဆိုတော့။ အွန်လိုင်းမှာဘယ်လိုလို့ ကြည့်နိုင်မှာလဲ။ အွန်လိုင်းပေါ်မှာ မဲဆွယ်တဲ့သူတွေရှိနေလည်း အွန်လိုင်းမရတဲ့ မဲဆန္ဒရှင်တွေအတွက်တော့ အလကားပါပဲ ဒါကိုတော့ မဖြစ်နိုင်ဘူး။ လုပ်လာရင်တော့ ပြင်းပြင်းထန်ထန်ကန့်ကွက်သွားမယ်။

မေး- UEC အနေနဲ့ နိင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အခြေနေက ကော အရင်အစိုးရလက်ထက် လက်ရှိအစိုးရလက်ထက် ကွာခြားမှုတွေရှိလား။
ဖြေ- အရင် ဦးတင်အေးလက်ထက်တော့ ခနနတွေ့တယ်။ ခုနောက်ပိုင်း၂၀၁၅-၂၀၂၀ ကြားထဲမှာဆို UEC အနေနဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံတာ ၃ကြိမ်လောက်ဘဲရှိပါတယ်။

ရန်ကုန်တိုင်းကပါတီတွေနဲ့တော့ ၄ကြိမ်လို့သိရတယ်။ ကျနော်တို့အတွက်လုံလောက်တဲ့ချိန်လည်း မရခဲ့ဘူး။ နောက်ဆုံးဆွေးနွေးတာတောင်မှ တစ်ယောက်ကို ၃မိနစ်ဘဲ ဆွေးနွေးခွင့်ရတယ်။ ဒါတောင်မှကျနော်တို့အလုအယှက် မိုက် ရဖို့တောင် လက်ညိုးထောင်ခဲ့ရတယ်။ အားနည်းချက်ကတော့ နိုင်ငံရေးပါတီများနဲ့ UEC ကအမြဲထိတွေ့ရမယ်။ ဒါပေမယ့်တွေ့ဆုံမှုတွေကလည်းနည်းတော့ လိုအပ်ချက်တွေပိုရှိလာတယ်။ လိုအပ်ချက်တွေရှိတော့ သံသယတွေလည်း ရှိလာပါတယ်။

Show More

Related Articles

Back to top button