ရွှေကူမြို့နယ်ထဲမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းအများစုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကစပြီး ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေကူ–ဗန်းမော်လမ်းနဲ့ ရွှေကူ–ငအိုးလမ်းပိုင်းဘက်ကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။ ဒါပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် အများစုက ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားရတာဖြစ်တယ်လို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အားလုံးဆုတ်သွားကုန်ပြီ ရွှေကူဘက်ကိုဆုတ်သွားတာဗျ ငအိုး– ကသာဘက်ကိုပိတ်ထားပေးတယ် ရွှေကူဘက်ပဲဟပေးထားတော့အဲ့ဘက်ကိုဆုတ်သွားတယ် အခု မန်နားလေးနဲ့ ခတ်ခုံကြားမှာ စစ်ကြောင်းတစ်ခုပဲကျန်တယ် အဲ့တာ ဆုတ်သွားရင် ရွှေကူ –ငအိုးလမ်းကစကစ ကင်းစင်သွားပြီ”လို့သူကပြောပါတယ်။ စစ်တပ်က တစ်လနီးပါး ထိုးစစ်ဆင်ခဲ့တဲ့အချိန်အတွင်း ရွှေကူ–ငအိုးလမ်းပိုင်းက စကားကုန်းလမ်းခွဲ၊ ညောင်ပင်ကွေ့၊ ပွိုင့် ၁၁၇ နဲ့ ပွိုင့် ၁၁၅ စတဲ့နေရာတွေကို ယာယီထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုတော့ KIA ပူးပေါင်းတပ်တွေက အဲဒီနေရာတွေကို ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ မန်နားလေးနဲ့ ခတ်ခုံကျေးရွာကြားမှာ စစ်ကြောင်းတစ်ခုသာ ကျန်ရှိနေပြီး အဲဒီစစ်ကြောင်းပါ ဆုတ်သွားရင် ရွှေကူ–ငအိုးလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မရှိတော့ဘူးလို့ ပြောပါတယ်။ လက်ရှိ ကျန်ရှိနေတဲ့ စစ်ကြောင်းကတော့ မန်နားလေးနဲ့ ခတ်ခုံကြားမှာ အင်အား ၈၀၀ ဝန်းကျင်နဲ့ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်တွေက အဲဒီစစ်ကြောင်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ “မန်နားလေးဘက်ကို ရှင်းနိုင်ရင် လမ်းပိုင်းတစ်ခုလုံး ကင်းစင်သွားမှာပါ။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း အခြေအနေပြောင်းနိုင်ပေမယ့် စောင့်ကြည့်ရဦးမယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရွှေကူတိုက်ပွဲမှာ KIA၊ PDF ပူးပေါင်းတပ်တွေအပြင် AA စစ်ကြောင်းတွေလည်း အားဖြည့်ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ လတ်လောမှတော့ ကျန်ရှိနေတဲ့ စစ်ကြောင်းတွေက ကိုင်းရွာနဲ့ တော်လန်ရွာဘက်ကို မြေပြင်ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကိုင်း၊ တော်လန်၊ ရွှေဘုန်းမြင့်၊ လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ငှက်တံတား၊ တုံးကောက်၊ စီသာ၊ မန်ဝိန်း၊ စီမူကြီး၊ ဝင်ဝ၊ မန်နားကြီး၊ နောင်လတ်ကြီး၊ ခေါလဲ၊ စင်းဖုတ်၊ စီသောင်နဲ့ တာလီကျေးရွာတွေက ဒေသခံတွေဟာ မေလကုန်နဲ့ ဇွန်လဆန်းပိုင်းကတည်းက စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw
Read More »
“ကျွန်တော့်လယ်က ကျွန်တော့်အသက်ထက် နှစ်ဆလောက် အသက်ကြီးတယ်…” အဲဒီစကားကို ပြောတဲ့အချိန်မှာ အသက် ၅၈ နှစ်အရွယ် ဦးဖုန်ရမ် (အမည်လွှဲ) ရဲ့ အသံက တုန်နေတယ်။ သူ့မျက်လုံးတွေကလည်း တစ်နေရာကို ငေးနေသလို၊ အတိတ်က သူ့ဘဝကို ပြန်မြင်နေရသလိုပါပဲ။ သူ့အတွက် အဲဒီလယ်ဟာ မြေတစ်ကွက် မဟုတ်ဘူး။ အဖိုး၊ အဖေ လက်ထက်ကတည်းက အမွေဆက်ခံလာတဲ့ မိသားစုရဲ့ အသက်မွေးဝမ်းကျောင်း၊ သားသမီးတွေကို ကျွေးမွေးခဲ့တဲ့ ထမင်းအိုး၊ သူ့ဘဝတစ်ခုလုံးရဲ့ အမှတ်တရတွေပါ။ ပူတာအိုမြို့ သုတ္ထန်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဖုန်ရမ်ဟာ ဇနီး၊ သားသုံးယောက်၊ သမီးတစ်ယောက်နဲ့အတူ အဲဒီလယ်နှစ်ဧကကို မှီခိုပြီး ဘဝကို တည်ဆောက်လာခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ပူတာအိုလို့ ပြောလိုက်တာနဲ့ လူတော်တော်များများ မျက်စိထဲ ပေါ်လာတာက ရေခဲတောင်တွေ၊ မြူနှင်းတွေနဲ့ စိမ်းစိုနေတဲ့ စပါးခင်းတွေပါ။ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ ဒီဒေသဟာ သဘာဝအလှအပတွေနဲ့ ကျော်ကြားပြီး၊ အရင်ကပြည်တွင်းပြည်ပ ခရီးသွားတွေ အမြဲလာရောက်လည်ပတ်တဲ့ နေရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဲဒီမြင်ကွင်းတွေဟာ တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။ တစ်ချိန်က စပါးလှိုင်းတွေ ဝေခဲ့တဲ့ လယ်ကွင်းတချို့မှာ အခုတော့ မြေစာပုံတွေ၊ ရွှေတူးစက်ကြီးတွေ၊ စွန့်ပစ်ထားတဲ့ လယ်ကွက်တွေနဲ့သာ တွေ့ရတော့တယ်။ လယ်သမားအများစုကလည်း ကိုယ့်လယ်ကို စွန့်ခွာပြီး တခြားအသက်မွေးဝမ်းကျောင်းကို ရှာဖွေနေရတဲ့ အခြေအနေကို ရောက်နေကြပါတယ်။ ဦးဖုန်ရမ်ကလည်း အဲဒီအပြောင်းအလဲကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတစ်ယောက်ပါ။ “ကျွန်တော့်လယ်က ကျွန်တော့်အသက်ထက် နှစ်ဆလောက် အသက်ကြီးတယ်။ ကျွန်တော့်အဖိုးခေတ်ကတည်းက ဒီလယ်ကို လုပ်ကိုင်လာတာ။ အခုတော့ မြေစာပုံ ဖြစ်သွားပြီ။ ကျွန်တော်လည်း ကြုံရာကျပန်းအလုပ်သမား ဖြစ်လာတော့မယ်။ တွေးကြည့်တိုင်း ရင်နာတယ်။“ ဗမာစကားကို မပီမသ ပြောနေတဲ့ သူ့အသံထဲမှာ မျှော်လင့်ချက်တွေ တဖြည်းဖြည်း ပျောက်ဆုံးသွားတဲ့ လယ်သမားတစ်ယောက်ရဲ့ နာကျင်မှုကို အတိုင်းသား ခံစားရပါတယ်။ တကယ်တော့ ဦးဖုန်ရမ်ရဲ့ အဖြစ်ဟာ သူတစ်ယောက်တည်းရဲ့ ဇာတ်လမ်း မဟုတ်ပါဘူး။ ပူတာအိုဒေသမှာ နေထိုင်သူအများစုဟာ ဘိုးဘွားအစဉ်အဆက် လယ်ယာလုပ်ငန်းကို အားထားပြီး အသက်မွေးဝမ်းကျောင်း ပြုလာကြသူတွေပါ။ အဖိုးခေတ်၊ အဖေခေတ်ကတည်းက စိုက်ပျိုးလာတဲ့ လယ်တွေကို သားသမီးလက်ထဲ ဆက်လက်အပ်နှံဖို့ မျှော်လင့်ခဲ့ကြပေမယ့် အခုတော့ အဲဒီမျှော်လင့်ချက်တွေဟာ တဖြည်းဖြည်း မှေးမှိန်လာနေပါတယ်။ ဦးဖုန်ရမ်အတွက်တော့ ၂၀၂၄ ခုနှစ် မေလဟာ သူ့ဘဝကို အပြီးအပိုင် ပြောင်းလဲသွားစေတဲ့ အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။ နှစ်တိုင်း မေလနဲ့ ဇွန်လဆိုတာ သူ့အတွက် အပျော်ဆုံးရာသီပါ။ လယ်ထွန်မယ်၊ ကောက်စိုက်မယ်၊ လာမယ့်တစ်နှစ်စာ မိသားစုစားဝတ်နေရေးကို စတင်တည်ဆောက်မယ့် အချိန်ပါ။ ဒါပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ အဲဒီအရာအားလုံး ပြောင်းလဲသွားခဲ့တယ်လို့ ပြောပါတယ်။ လယ်တစ်ကွက်နဲ့ မိသားစုတစ်စုရဲ့ ကံကြမ္မာ နှစ်တိုင်း မေလရောက်ရင် ဦးဖုန်ရမ်အတွက် အလုပ်အများဆုံးရာသီ စတင်ပါတယ်။ လယ်ထွန်ရမယ်၊ ကောက်စိုက်ဖို့ ပြင်ရမယ်၊ လာမယ့်တစ်နှစ်စာ မိသားစုစားဝတ်နေရေးကို စတင်တည်ဆောက်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် မေလမှာတော့ အရင်နှစ်တွေနဲ့ မတူတော့ပါဘူး။ စစ်ရေးအခြေအနေတွေကြောင့် ပူတာအို–မြစ်ကြီးနားလမ်းကို မတ်လကနေ မေလအထိ သုံးလနီးပါး ပိတ်ထားခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာနဲ့အမျှ ပူတာအိုဒေသတစ်ခုလုံးမှာ စက်သုံးဆီ ရှားပါးလာပါတယ်။ လက်ကျန်ဒီဇယ်ရှိတဲ့ ဆိုင်တချို့ကတော့ ဈေးကို အဆမတန် မြှင့်တင်ရောင်းချခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် ကျပ်သောင်းဂဏန်းနဲ့ ဝယ်လို့ရတဲ့ ဒီဇယ်တစ်ပုလင်း လက်ရှိသိန်းဂဏန်း၊ တစ်ပေပါကို သိန်းဆယ်ချီအထိ မြင့်တက်သွားခဲ့တာပါ။ ဒီဈေးနှုန်းက တောင်သူတွေအတွက် လယ်မထွန်နဲ့လို့ ပြောလိုက်သလိုပါပဲ။ အရင်နှစ်တွေတုန်းက ဦးဖုန်ရမ်ဟာ လယ်တစ်ဧက ထွန်ဖို့ စက်သုံးဆီဖိုး ကျပ်တစ်သိန်းခွဲလောက်သာ ကုန်ကျခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ လယ်တစ်ဧကတည်းကို ထွန်ဖို့ သိန်းသုံးဆယ်ဝန်းကျင်အထိ ကုန်ကျမယ့် အခြေအနေ ဖြစ်သွားပါတယ်။…
Read More »
စစ်ကိုင်းတိုင်း အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ Non CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။
Read More »
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာမှာ လယ်ပိုင်ရှင်တချို့ကန့်ကွက်နေတဲ့ကြားက အတင်းအဓမ္မ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေ KNG ကိုပြောပါတယ်။ ပူတာအိုမြို့ရဲ့ အရှေ့ဘက် မြို့နဲ့ ၅ မိုင်ကျော်အကွာရှိ မကပ်မုံကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွှေလုပ်ငန်းရှင်တွေက ဒေသခံတချို့ကန့်ကွက်နေတဲ့ကြား လယ်ယာမြေတွေပေါ် ရွှေတူးဖော်ဖို့ လုပ်နေတယ်လို့ မကပ်မုံကျေးရွာနေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “အခုလောလောဆယ်တော့ မတူးသေးဘူး။ ဒါပေမယ့် တူးဖို့ အဆင်သင့်လုပ်နေပြီ။ ဘတ်ဟိုးနှစ်စီးလည်း ရောက်ထားပြီ။ ဘေးမှာ ဒီနှစ်မှ စိုက်ထားတဲ့ စပါးခင်းတွေရှိတယ်။ အဲဒီစပါးခင်းတွေနဲ့ ကပ်လျက်ရှိတဲ့ လယ်တွေကို တူးတော့မှာ။ အဲဒါကြောင့် ဒေသခံတွေက အရမ်းစိုးရိမ်နေကြတာ။ ရွှေမတူးစေချင်ဘူး။ တူးလိုက်ရင် စပါးခင်းတွေပျက်စီးသွားမှာကို ကြောက်နေကြတယ်“လို့ အသက် ၆၀ ကျော်အရွယ် အထက်ပါအမျိုးသားက ပြောပါတယ်။ ဒေသခံတွေ ပြောပြချက်အရ မကပ်မုံကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွှေလုပ်ငန်းရှင်တွေနဲ့ လယ်ပိုင်ရှင်တချို့ ပူးပေါင်းပြီး မကပ်မုံ–ပူတာအို ကားလမ်းဘေးရှိ လယ်ကွက်တွေမှာ ရွှေတူးဖော်ဖို့ ပြီးခဲ့တဲ့ ဇွန်လကတည်းက စတင်ပြင်ဆင်နေတာလို့ပြောပါတယ်။ “ကားလမ်းဘေးက လယ်ကွက်တွေပါ အဲဒီမှာ လယ်ကွက်တွေ အများကြီးရှိတယ်။ တချို့က လယ်စိုက်ထားတယ်၊ တချို့က မစိုက်ဘူး မစိုက်တဲ့ လယ်ကွက်တွေကိုတော့ လယ်ပိုင်ရှင်တွေက ရွှေတူးဖို့ ရောင်းပြီးပြီ။ တချို့ကတော့ မရောင်းချင်ဘူး စပါးစိုက်ထားတယ်။ လယ်တွေကလည်း ကပ်လျက်ရှိတော့ တစ်ဖက်မှာ ရွှေတူးလိုက်ရင် ဒီဘက် စပါးစိုက်ထားတဲ့ လယ်တွေအကုန် ထိခိုက်သွားမယ်။ ရေစီးကြောင်းတွေ ပိတ်သွားမယ်၊ ရေတွေက ရွှေတူးတဲ့ဘက်ကို စီးသွားပြီး လယ်တွေ ရေခမ်းသွားနိုင်တယ်။ အဲဒါကြောင့် လယ်စိုက်ထားတဲ့သူတွေက ကန့်ကွက်နေကြတာ။ မတူးစေချင်ဘူး“ လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတဲ့ နေရာတစ်လျှောက်မှာ လယ်ဧက ၅၀ လောက်ရှိပြီး အဲဒီအထဲက ဧက ၂၀ ဝန်းကျင်ကို ရွှေတူးဖော်ဖို့ စီစဉ်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒီလယ်တွေဟာ ကပ်လျက်ရှိတဲ့ လယ်ကွက်တွေဖြစ်တာကြောင့် တချို့ကို ရွှေတူးဖော်လိုက်မယ်ဆိုရင် ကျန်တဲ့ လယ်ကွက်တွေဘက်ကို ရေစီးဆင်းမှု ပိတ်သွားတာ၊ ရေခမ်းခြောက်တာ၊ မြေစာပုံတွေ ဖုံးလွှမ်းလာတာနဲ့ မိုးရာသီမှာ မြေပြိုမှုတွေ ဖြစ်လာနိုင်တာကြောင့် လယ်ပိုင်ရှင်တချို့က ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဌာနဆိုင်ရာတွေအနေနဲ့ လာရောက်စစ်ဆေးပေးစေချင်တယ်။ တကယ် ရွှေတူးလိုက်ရင် ကျန်တဲ့လယ်တွေအကုန် ပျက်စီးသွားမှာ။ ဘာမှဆက်လုပ်လို့ရတော့မှာ မဟုတ်ဘူး။ တာဝန်ရှိတဲ့သူတွေ ကွင်းဆင်းပြီး စိစစ်ပေးရင် ကောင်းမယ်” လို့ အခြားဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ လက်ရှိမှာတော့ မကပ်မုံကျေးရွာအတွင်း လယ်ယာမြေတွေကို ရွှေတူးဖော်ဖို့ ပြင်ဆင်နေတဲ့အပြင် လယ်ကွက်တွေရဲ့ တစ်ဖက်ခြမ်းရှိ မြေလွတ်၊ မြေရိုင်းနေရာ အများအပြားမှာလည်း စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။ မကပ်မုံကျေးရွာမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မလိခမြစ်ကမ်းတစ်လျှောက်နဲ့ ကျေးရွာခြံစည်းရိုးအနီးအထိ ရွှေတူးဖော်ခဲ့တာကြောင့် ဒေသခံတွေ ကန့်ကွက်ခဲ့ဖူးပါတယ်။ ပူတာအိုဒေသမှာ စစ်အာဏာမသိမ်းခင်က လက်လုပ်လက်စား ရွှေတူးဖော်မှုသာ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပူတာအိုမြို့အနီးဝန်းကျင်၊ မချမ်းဘော့နယ်၊ နောင်ခိုင်၊ မကပ်မှော်၊ မူလာရှီးဒီ စတဲ့နေရာအနှံ့မှာ စက်ယန္တရားကြီးတွေနဲ့ အကြီးစားရွှေတူးဖော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။ မကပ်မုံကျေးရွာဟာ အိမ်ခြေ ၆၀ ကျော်၊ လူဦးရေ ၅၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာငယ်တစ်ရွာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More »