တိုက်ပွဲသတင်း

ရှမ်းမြောက် ၁၀၂၇  စစ်ဆင်ရေး ဒုတိယမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံး

ရှမ်းမြောက် ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲကာလ တစ်လအတွင်း အရပ်သား ၃၀၀ ခန့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံးတယ်လို့ တအာင်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၅ရက်နေ့ကစပြီး တစ်ကျော့ပြန် ပြန်လည်ဆင်နွှဲလာခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ တစ်လပြည့်ပြီဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်  အရပ်သား ၁၂၅ ဦးသေဆုံးပြီး ၁၆၇ ဦး ဒဏ်ရာရပြီး စုစုပေါင်း ထိခိုက်သေဆုံးတဲ့ အရပ်သား ၂၉၂ ဦးရှိတယ်လို့  PSLF/TNLA ရဲ့သတင်းပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၅ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။

အဲဒီထိခိုက်သေဆုံးမှုစာရင်းထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ထိခိုက်သေဆုံးမှုစာရင်း စုစုပေါင်း ၁၅၀ ခန့်ရှိတယ်လို့လည်း ဆိုထားပါတယ်။ 

ဒါ့အပြင် လက်ရှိ စစ်ကောင်စီဘက်က လားရှိုးကိုထိုးစစ်ဆင်နေတဲ့ ကိုးကန့် MNDAA ရဲ့ ထိန်းချူပ်နယ်မြေ သိန္နီ– ကွမ်းလုံ – ရှင်းရွှေဟော်နဲ့ လောက်ကိုင် စတဲ့နေရာတကြောကိုပါ လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ကိုးကန့်ဒေသက ပြည်သူတွေ ထပ်မံထွက်ပြေးနေရသလို ဘာသာရေး နဲ့ ပညာရေးကျောင်းတွေအားလုံး ပိတ်ထားရကြောင်း ဆက်လက်သိရပါတယ်။

စိုးရိမ်ရတယ်။အခုက အနီးနား ကွတ်ခိုင်နဲ့ သိန္နီကြားတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်။ အဲဘက်မှာ လေယာဉ်နဲ့ဗုံးကြဲတာ ဒီဘက်ကွတ်ခိုင်၊ကောင်းခါးဘက်ထိ ကြားရတယ်။ ဒါကြောင့် စိုးရိမ်မှုနဲ့ပဲ နေနေကြတယ်။ သိန္နီဘက်က အချိန်မရွေးပဲ ဆက်တိုက်ဗုံးကြဲနေတယ်။ နေ့ဆိုရင် အားလုံးကိုယ့်အိမ်ကိုယ်ရှိကြတယ် ညဆိုရင်တော့ အားလုံးရှောင်ကြတယ်။ လောက်ကိုင်ရှင်းရွှေဟော်– ကွမ်းလုံ – နမ့်ဇလပ် – သိန္နီ ဒီတစ်ကြောအားလုံးတော့ ကျောင်းတွေအားလုံးပိတ်ထားရတယ်။လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။  

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် လက်ရှိ TNLA  KIA တို့ ထိန်းချူပ်ထားတဲ့ နယ်မြေတွေထဲက ပြည်သူတွေလည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုတွေနဲ့ပဲဲ နေနေရတယ်လို့ ဆိုပါတယ်။ 

KIA ထိန်းချူပ်ထားတဲ့ နမ့်ဖတ်ကာမြို့ထဲမှာလည်း ဘာသာရေးကျောင်းတွေနဲ့ လူအများစုဖွဲ့ပြီး ဝတ်ပြုကိုးကွယ်တာတွေ ရပ်နားထားရသလို စာသင်ကျောင်းတွေကိုလည်း အခြေအနေကို ကြည့်ပြီး ဖွင့်နေကြတယ်လို့ သိရပါတယ်။ 

နမ့်ဖတ်ကာမှာလည်း လားရှိုးဘက်တိုက်ပွဲမှာ KIA ပါဝင်နေမှုမရှိရင်လည်း နမ့်ဖတ်ကာဘက်ကလည်း သူတို့စစ်တပ်စခန်းကြီးတပ်စွဲတဲ့နေရာတစ်ခုဖြစ်တာကြောင့် လေကြောင်းသတိထားပြီးတော့ နေနေကြရတယ်။ ဒါကြောင့် အခု ဘုရားကျောင်း ဝတ်ပြုကိုးကွယ်အစီအစဉ်တွေ မလုပ်တော့ဘူး။ သိန္နီဘက် အဘက်ဘက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိနေတော့ နမ့်ဖတ်ကာကသူတွေလည်း သတိနဲ့ပဲနေနေကြပါတယ်။” လို့ နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။ 

ရှမ်းမြောက်မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာတွေလည်းရှိနေတာကြောင့် မြေပြင်မှာ အရပ်သားထိခိုက်သေဆုံးမှုအရေအတွက်နဲ့ ဘာသာရေးကျောင်းဆောင်များ၊ နေအိမ် အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ် သိရှိနိုင်ဖို့ ခက်ခဲနေပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button