သတင်း

နမ်ကျင်စီးပွားရေးဇုန် MOU ဆက်မထိုးဘဲ ရပ်ဆိုင်းထား

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်မည့် နမ်ကျင်စီးပွားရေးဇုန်နှင့်ပတ်သက်ပြီး နားလည်မှုစာချွှန်လွှာ (MOU) ဆက်ထိုးတော့မည်မဟုတ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဇူလိုင် ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ပြည်နယ်အစိုးရ မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ (MEDZC) နှင့် တရုတ်နိုင်ငံ ယူနန် ထိန်ချုံးဟိန်ယုံ ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီလီမီတက် (YTHIC) တို့ကြား နားလည်မှုစာချွှန်လွှာ (MOU) ကို ၂၀၁၈ မေလ ၈ ရက်နေ့တွင် ရေးထိုးခဲ့သော်လည်း ၆ လကျော်အကြာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စီမံကိန်းနှင့်ပတ်သက်ပြီးလိုက်နာရမည့်အချက်များကို နိုင်ငံတော်သမ္မတက ညွန်ကြားစာထုတ်ခဲ့ပြီးနောက် MOU ဆက်မထိုးတော့ခြင်းဖြစ်သည်ဟု ပြည်နယ်စီမံဘဏ္ဍာဝန်ကြီး ဦးဝေလင်းက ဆိုသည်။

“အဲဒီညွှန်ကြားစာမှာဘာပါလဲဆိုရင် နိုင်ငံတော်ပိုင်မြေဖြစ်ခဲ့ရင် အကျိုးတူလုပ်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အတိအလင်း ဖော်ပြထားပြီးသားဖြစ်တယ်။ စီမံကိန်းတွေအကောင်အထည်ဖော်မယ်ဆိုရင် နံပါတ် ၁ ပွင့်လင်းမြင်သာမှု ရှိရမယ်။ နောက်ပြီးတော့မှ နိုင်ငံတော်သမ္မတရဲ့ ၃၀ ရက်နေ့ ၈လပိုင်း ၂၀၁၉ မှာ ၂/၁၉ မှာ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ပိုမိုလွယ်ကူစေရန် လိုက်နာရမည့်အချက် မြေနဲ့အဆောက်အအုံ သတင်းအချက်လက်များဆိုပြီး ညွှန်ကြားချက်ထွက်လာတယ်။” ဟု ပြောသည်။

၂၀၁၈ သြဂုတ်လ ၃၀ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပထမအကြိမ် ညွှန်ကြားစာထွက်လာပြီး၊ နောက်ထပ် ၈လအကြာတွင် ၂/၂၀၁၉ ဖြင့် ဒုတိယအကြိမ် ညွှန်ကြားစာတစ်ခု ထပ်မံ ထွက်လာခဲ့သည်။ အဆိုပါ ညွှန်ကြားစာများမှ အချက် ၃ချက်ကြောင့်၂၀၁၈ မေလ ၈ ရက်နေ့က တရုတ်ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွာ (MOU) သည် Direct Award လုပ်၍မရတော့ဘဲ ယှဉ်ပြိုင်စနစ်ဖြင့်သာ သွားတော့မည်ဖြစ်သည်ဟု ဆိုသည်။

“နဂိုကတည်းက ဒီလိုပုံစံတွေရှင်းပြခဲ့ရမယ်လေ။ ဘာမှအစီစဉ်မလုပ်သေးပဲနဲ့ ဘာမှမချပြရသေးပဲနဲ့ ပြီးမှပဲ ချပြမယ်လို့သာပြောခဲ့တာကိုး။ အဲတုန်းကတော့ မြေနဲ့ပတ်သက်ပြီးသိမ်းဆည်းမယ်၊ လက်မှတ်ထိုးပြီးစွန့်လွှတ်မယ့်ကိစ္စတွေ ဇွတ်လုပ်လာတာကိုး။ အဲကာလတုန်းက ဒေသခံများဘက်က ဆုံးရှုံးမယ့်ကိစ္စတွေအများကြီးဖြစ်လာတယ်။” ဟု တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်(စ်) က ယခုလို သုံးသပ်ပြောဆိုသည်။

နမ်ကျင်စီးပွားရေးဇုန်နယ်နမိတ်တွင် တိုင်းရင်းပရဆေးစိုက်ပျိုးသည့်အဖွဲ့များ၏ မြေဧက ၆၀၀ကျော်လည်းပါဝင်နေသည်။ လက်ရှိချိန်ထိ အဆိုပါမြေဧကအတွက်လျှော်ကြေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းမကြားရသေးသော်လည်း သက်ဆိုင်ရာအစိုးရမှ ပွင့်ပွင့်လင်းလင်း ချပြသည့်တွက် မြေယာနဲ့ပတ်သက်ပြီး လျော်ကြေးကိစ္စလည်း ဖြေရှင်းပေးမည်ဟု မျှော်လင့်မိကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ စီးပွားရေးဇုန်နှင့်ပတ်သက်ပြီး ပြည်နယ် ဘဏ္ဍစီမံဝန်ကြီး ဦးဝေလင်း က “ဒီစီမံကိန်းသည် ယှဉ်ပြိုင်စနစ်နဲ့သွားတော့မှာ ဖြစ်တယ်။ အဲကြောင့် ကျနော်တို့က ရှင်းရှင်းလင်းဘဲ MOU လည်း ဆက်မထိုးဘူး။ ရွေးချယ်ပြီးမှ ရွေးချယ်ခံရတဲ့သူနဲ့ပဲ (MOU)၊ (MOA)၊ (JVA) ဆက်သွားမယ်။” ဟု ပြောသည်။

နမ်ကျင်စီးပွားရေးဇုန် စီမံကိန်းသည် မြစ်ကြီးနားမြို့၏အနောက်ဘက် ၈ မိုင်အကွာတွင်တည်ရှိပြီး မြေဧကပေါင်း (၄၇၀၀) ကျယ်ဝန်းသည်။ စီမံကိန်းမြေနေရာတွင် ဒေသခံပြည်သူများ၏ မြေယာများပါဝင်နေသော်လည်း မြေပိုင်ဆိုင်မှုတစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိပါက မြေလျော်ကြေးရမည် မဟုတ်ကြောင်းနှင့် တရားဝင်စိုက်ပျိုးခွင့်ပြုထားသည့် မြေဧက (၁၈၈၆) အတွင်းရှိ သီးနှံလျော်ကြေး ကိုသာ ရရှိမည်ဟု ဆိုသည်။

“တစ်ကယ်လက်ရှိလုပ်ကိုင်စားသောက်နေတဲ့ တောင်သူဒေသခံတွေရဲ့မြေက သိမ်းသွားတဲ့အထဲမှာ ပါနေပေမယ့်လည်း ကျနော်တို့ကို ကျူးကျော်ဆိုတဲ့အတွက် ကျနော်တို့ဒေသခံတွေအတွက် နစ်နာစရာတွေများကြီးရှိနေတယ်။ ပြီတော့ စက်မူဇုန်လုပ်လိုက်လို့ရှိရင်လည်း နန်းကွေ့ချောင်းရယ် ကျနော်တို့ဆီက ချောင်းတွေကိုတော့ မူလအတိုင်းရှိစေချင်တယ်။ အဲကြောင့် စီမံကိန်းဘာမှ မစတင်ခင် ကျနော်တို့ဒေသခံတွေကို စက်မူဇုန်လုပ်ခြင်းအားဖြင့် ရလာမယ့် ကောင်းကျိုးဆိုးကျိုးကိုတော့ သေချာလေးရှင်းပြပေးစေချင်တယ်။” ဟု နမ်ကျင်ကျေးရွာဒေသခံ ဦးလထွယ် ပြောသည်။

ထို့ကြောင့် စက်မှုဇုန်လျာထားသည့်မြေနေရာတွင်ပါရှိသော တောင်သူများ၏ မြေယာကိစ္စနဲ့ပတ်သက်ပြီး ထိုက်သင့်သည့်လျော်ကြေးငွေများရရှိအောင် တောင်းဆိုသွားမည်ဟု ဆိုသည်။

သို့သော်လည်း လျော်ကြေးကိစ္စနှင့် စီမံကိန်းအကြောင်းကို ကချင်ပြည်နယ်အစိုးရက နမ်ကျင်ဒေသခံများထံ ယနေ့ထိ တရားဝင်ချပြထားခြင်းမရှိသေးကြောင်း သိရသည်။

“ပြည်သူလူထုက ယနေ့ချိန်ထိ ကျနော်တို့မချပြသေးဘူး။ ဘာကြောင့်မချပြတာလဲဆိုရင် ကျနော်တို့ဒီနေ့ချိန်ထိ ရွေးချယ်တဲ့ပုံစံမှာ ဘယ်သူ့ကိုဘယ်လိုရွေးလို့ ဘယ်သူ့ကိုရွေးချယ်လဲ ဘယ်သူ့ကိုအတည်ပြုရမလဲ၊ မသိဘဲဖြစ်သွားတာ ပထမ ၂၀၁၈ မေလ ၈ရက်နေ့မှာ (MOU) ထိုးပြီးသော်လည်း ၃၀ရက်နေ့ နိုဝင်ဘာလ ထွက်လာသည့် ညွှွန်ကြားချက်အရ ဒီဟာတွေဒီတိုင်းမလုပ်ပါနဲ့၊ ယှဉ်ပြိုင်မှုစနစ်နဲ့သေသေချာချာလုပ်ရမယ်ဆိုတဲ့အတွက် အားလုံးမူဝါပိုင်းဆိုင်ရာရောအားလုံးပြီးမှ ပြည်သူတွေချပြမှာဖြစ်တယ်။” ဟု ကချင်ပြည်နယ် ဘဏ္ဍစီမံဝန်ကြီး ဦးဝေလင်းကဆိုသည်။

ကချင်ပြည်နယ်တွင် ယခင်အစိုးရလက်ထက် စီးပွားရေးဇုန်ပြုလုပ်ရန်အတွက် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအပါအဝင် မြေနေရာ ၃ခုတွင် လျာထားခဲ့သော်လည်း လက်ရှိအစိုးရသက်တမ်းတွင် အဆိုပါစီမံကိန်းများအနက် နမ်ကျင်ကျေးရွာနားရှိ မြေဧက ၄၇၀၀ ကိုသာ စီးပွားရေးဇုန်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button