သတင်း

လီဒိုလမ်း ရှထိုးဇွပ်ကျေးရွာ ရေကြီးရေလျံမှု ၂ ရက်ဆက်တိုက်ဖြစ်ပေါ်နေ

ဟူးကောင်း လီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် ရေကြီးရေလျံမှုဆက်လက်ဖြစ်ကာ လူနေအိမ်ခြေ ၅၀၀ ကျော် ရေမြုပ်သွားသဖြင့် ဒေသခံများရေဘေးဒဏ်ကို ကြုံတွေ့နေရသည်။

ဇူလိုင် ၂၀ရက်နေ့ မနက်ပိုင်းက ကျေးရွာအနီးစီးဆင်းနေသော ခေါင်းလှော်ခအမည်ရှိ တောင်ကျချောင်းရေက ကျေးရွာအတွင်းရှိ မြေနိမ့်ပိုင်းနေရာများတွင်စတင် စီးဝင်လာပြီးနောက် ရှထိုးဇွပ်အထက်တန်းကျောင်းနှင့် စစ်ပြေးဒုက္ခသည်စခန်းတို့ကို နှစ်မြုပ်စေခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇူလိုင် ၂၁ရက် (ယနေ့) နံနက်ပိုင်း ၃နာရီခန့် အချိန်တွင် မိုးသည်းထန်စွာ ထပ်မံရွာသွန်းခဲ့သဖြင့် ကျေးရွာအတွင်း ကုန်းပေါ်ရပ်ကွက်ကလွဲပြီး မြေနိမ့်သော ရပ်ကွက် ၄ ကွက်တွင် ရေမြုပ်သွားသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေရသည်ဟု အုပ်ချုပ်ရေးမှူး ဦးနော်ဒီးက ယခုလိုပြောဆိုသည်။

“ရေက အခုချိန်ထိကြီးနေတုန်းဘဲ။ အခုဆိုလူနေတဲ့ အိမ်ခြေ ၅၀၀ကျော်လောက်ကမြုပ်သွားပြီ။ လုံးဝနေလို့မရတဲ့ အဆင့်ပေါ့။ ၄အိမ်လောက်က မျောသွားတာပေါ့။ ကားလမ်းမရှိတဲ့ ကုန်းပေါ်က ရပ်ကွက်အိမ်တွေဘဲကျန်တယ်။ အခုက လှေတွေနဲ့ကယ်ဆယ်ရေးလုပ်နေတယ်” ဟု ပြောဆိုသည်။

ရေဘေးသင့်နေသည့် ပြည်သူများအတွက် အသုံးအဆာင်ပစ္စည်းများနှင့် အစားအသောက်များ ကူညီထောက်ပံ့ပေးရန် အမြန်လိုအပ်နေကြောင်းသူက ပြောဆိုသည်။

ကျေးရွာအတွင်း ရေမြင့်တက်လာမှုမှာ ပထမနေ့ထက် ၂ဆခန့်မြင့်တက်နေပြီး ရေဘေးဒဏ်ကြုံတွေ့ နေရသည့်ဒေသခံများ၏ အိမ်မွေး တိရတ္ဆန်များ၊ စပါးကျီနှင့် တန်ဖိုးရှိ အိမ်သုံးပစ္စည်းများ ဆုံးရှုံးနေရသည်ဟုဆိုသည်။

ထို့အပြင်ကျေးရွာအတွင်း KBC နှစ်ခြင်းဘုရားကျောင်းဝင်းတွင်အခြေချနေသော လောဒ်ဂျာစစ်ပြေးဒုက္ခသည်စခန်း သည်လည်း ခေါင်မိုးအထိ နစ်မြုပ်သွားသည့်အတွက် နေရာပြောင်းရွေ့ထားသည်ဟု စစ်ရှောင်တာဝန်ခံ ဆရာ ထွယ်အောင်က ပြောသည်။

“ရေက အခုထိမကျသေးဘူးပေါ့။ ရေက တဖြည်းဖြည်းနဲ့ ပိုပိုတက်နေတယ်။ အခုဆိုရင် ၆ပေလောက်ရှိသွားပြီ။ စစ်ရှောင်စခန်းလည်း ခေါင်မိုးအထိရောက်သွားပြီ။ စစ်ရှောင်တွေမွေးထားတဲ့ ကြက်တွေ၊ ဝက်တွေက အကုန်ပါသွား တာပေါ့။ ရေစီးလည်း တအားသန်တော့ ဘာတစ်ခုမှမရလိုက်ဘူး။ လူဘဲရအောင်ကယ်ခဲ့ရတာပေါ့”ဟု ပြောသည်။

ရှထိုးဇွပ်ကျေးရွာတွင် ယခင်က ရေကြီးရေလျံသည့်ဒဏ်ကို မတွေ့ကြုံဖူးခဲ့သောကြောင့် ကျေးရွာအနီးတစ်ဝိုက်ရှိ ရွှေတူးဖော်သည့်လုပ်ကွက်များကြောင့် ယခုကဲ့သို့ဖြစ်လာသည်ဟု သုံးသပ်မှုများရှိနေသည်။

“အရင်တုန်းကနေ ဒီရွာမှာ ရေကြီးတာတွေ သိပ်မရှိဘူး။ ကြီးရင်လည်း ကြီးကြီးမားမားမဟုတ်ဘူး။ ဒီနှစ်မှာက တစ်ရွာလုံးကို ရေနှစ်သွားတယ်။ အနီးတဝိုက်ရွှေမှော်တွေမှာက ရွှေလုပ်ငန်းလုပ်ကိုင်လာတဲ့ နှစ်တွေကြာလာပြီ ဆိုတော့ အခုဆိုရင် မိုးနည်းနည်းရွာတာနဲ့ ရေကပြည့်သွားတာပေါ့။ အဓိကပြသနာက သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတဲ့ အကျိုးတွေဘဲ” ဟု ဆရာ ဦးထွယ်အောင် က ပြောသည်။

ကျေးရွာ၏ အနီးတဝိုက်တွင် ခေါင်းလှော်ချောင်း၊ ရှထူးခချောင်းနှင့် မိုင်းကောင်းချောင်း စသော ချောင်းကြီး ၃ခုဝန်ရံထားသောကြောင့် ရေမြင့်တက်မှုပိုဆိုးရွားနေကြောင်း သိရသည်။

Show More

Related Articles

Back to top button