သတင်း

Covid-19 ကပ်ရောဂါကြောင့် ယခုနှစ် အာလမ် လက်ဝါးကားတိုင်တောင်တက်ပွဲ မကျင်းပနိုင်တော့

Covid-19 ကပ်ရောဂါ ကာကွယ်ထိန်းချူပ်ရေးလိုအပ်ချက်ကြောင့် ကတ်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ယခုနှစ် အာလမ်လက်ဝါးကားတိုင် တောင်တက်ပွဲကို မကျင်းပနိုင်တော့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြောက်ဘက် ၁၃ မိုင်အကွာ အာလမ်ကျေးရွာတွင် နှစ်စဉ် စက်တင်ဘာလ ၁၄ ရက်တွင် ပြုလုပ်သော အဆိုပါအစီစဉ်ကို အစိုးရက စက်တင်ဘာလ တစ်လလုံးအသွားအလာကန့်သတ်ရက်အဖြစ် ထုတ်ပြန်ခဲ့သောကြောင့် မကျင်းပနိုင်တော့ကြောင်း ယခင်အစီစဉ်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ခံ ဆရာ ပေါလ်လဂန်တူးရော် ထံမှ သိရသည်။

“အရင်နှစ်ဆို ပွဲနီးလာရင် ကော်မတီဖွဲ့ပြီး ပြင်ဆင်နေပြီ။ အခုနှစ်က ကိုဗစ်ကြောင့် အစိုးရရဲ့ တစ်လလုံး ပြန်ထုတ်ပြန်လိုက်တာနှင့်ဆို ဘာကော်မတီမှ မဖွဲ့တော့ဘူး။ အစည်းအဝေးတွေ ဆွေးနွေးတာတွေ ဘာမှ မပြင်ဆင်တော့ဘူး။ ဒါကြောင့် (၃၇) ကြိမ်မြောက် လက်ဝါးကားတိုင်ပွဲကို ဒီနှစ်မကျင်းပနိုင်တော့ဘူး” ဟု ဆရာ ပေါလ်လဂန်တူးရော်က ပြောသည်။

အာလမ် ဆုတောင်းတောင် လက်ဝါးကားတိုင် ပွဲကြီးကို နှစ်စဉ် စက်တင်ဘာ ၁၄-၁၅ ရက်များတွင် ကျင်းပခဲ့တာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ နေရာဒေသအသီးသီးမှ လူတစ်သိန်းဝန်းကျင်ခန့် ပုံမှန် လာရောက်ပါဝင်ခဲ့သည်ဟု သိရသည်။

အဆိုပါ အာလမ်ဆုတောင်းပြည့် လက်ဝါးကားတိုင်ပွဲကြီးကို ၁၉၈၂ ခုနှစ်တွင် ခရစ်ယာန်ဘုန်းတော်ကြီး ၄ ပါးမှ ဦးဆောင်ပြီး စတင်ကျင်းပခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button